နေပြည်တော် ၂၈ စက်တင်ဘာ
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းကော်မတီက ကြီးမှူးကျင်းပသော National Energy Forum on Efficiency & Conservation အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး Function Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတော်အနေဖြင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စွမ်းအင်လိုအပ်ချက် ပြည့်မီလုံလောက်ရေး၊ ထိရောက်အကျိုးရှိစွာ အသုံးချ ဆောင်ရွက်ရေးနှင့် ခြိုးခြံချွေတာရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်ရေးနှင့် နည်းပညာများ ရှာဖွေအသုံးပြုရေး စသည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ရေးကို ယနေ့ကျင်းပသော ဖိုရမ်မှ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တက်ရောက်လာကြသည့် ပညာရှင်များမှ အတွေ့အကြုံဗဟုသုတများကို နှီးနှောဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် National Energy Forum on Efficiency & Conservation ကို ဆက်လက်ကျင်းပရာ စာတမ်းရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။
ယနေ့အခမ်းအနားသည် စွမ်းအင်ကို အကျိုးရှိရှိ ထိရောက်စွာ အသုံးချနိုင်စေရေးနှင့် စွမ်းအင်ကို ခြိုးခြံချွေတာနိုင်စေရေး တို့အတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့် ထောက်ကူပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


