နေပြည်တော် ၂၈ စက်တင်ဘာ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ (၅၅၀ဝ၀)မှ (၇၀ဝ၀ဝ)ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့်အာဖရိက နိုင်ငံများ၏ ဆင်းရဲသောကျေးရွာများတွင် ထိခိုက်မှုပိုမိုဖြစ်ပွားနေသည်ကို မှတ်တမ်းများအရ သိရှိရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

 

ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ခွေးရူးရောဂါသည် ကာကွယ် ဆေးဖြင့် ၁၀ဝ ရာခိုင်နှုန်းပြည့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်ပါကြောင်း၊ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံခြင်းဖြင့် ခွေးရူးရောဂါကြောင့် သေဆုံးမှုကို လျော့ပါးစေနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခွေးရူးရောဂါကူးစက် မှုဖြစ်ပွားသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းပျောက်ကွယ်သွားအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)တို့ ပူးပေါင်း ၍ နိုင်ငံအတွက် ခွေးရူးရောဂါလျော့ကျရေးကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင် ဖြစ်လာ မည့် အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်ကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အပြီးသတ်ရေးဆွဲ အတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်၍ ခွေးကောင်ရေ (၁)သန်း ကာကွယ်ဆေးထိုးစီမံချက်ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Four Paws International အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်ရခိုင်ပြည်နယ်ရှိ High Risk ဒေသများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။

 

မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် ဆုံးရှုံးမှုများလျော့ပါးစေရန် အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်၊ ပုဂ္ဂလိက၊ မွေးမြူရေးသမားများ၊ အထောက် အပံ့ပေးသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဟန်ချက်ညီညီ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး ၂၀၃ဝပြည့် နှစ်တွင် ခွေးရူးရောဂါ လူ၌ကူးစက်မှု “သုည” အထိလျော့ ချနိုင်ရေးဆိုသည့် ကမ္ဘာလုံး ဆိုင်ရာရည်မှန်းချက်လည်း အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် Four Paws International မှ Director of Project Development Dr. Amir Khalil က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းမော်က ၂၀၃၀ပြည့်နှစ်တွင် ခွေးရူးရောဂါကင်းစင် ရေးအတွက် အခြေခံဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ခွေးရူးရောဂါကာကွယ်ဆေးကို ပထမဆုံးရှာဖွေဖော်ထုတ်နိုင်ခဲ့သည့် သိပ္ပံပညာရှင် Louis Pasteur၏ တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်များကို ဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာ (၂၈)ရက်ကို ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အဖြစ် ကမ္ဘာ လုံးဆိုင်ရာ ခွေးရူးရောဂါ ထိန်းချုပ်ရေးအဖွဲ့က စတင်သတ်မှတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “ခွေးရူးရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေးကို ထိုးကြစို့” ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်