နေပြည်တော် ၂၈ စက်တင်ဘာ

 

မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း(MIFFA)၏ ပထမအကြိမ်မြောက် FIATA ဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က FIATA Diploma သင်တန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ဖွင့်လှစ်ခဲ့ပြီး လေကြောင်း၊ ရေကြောင်း၊ ကုန်လမ်း၊ မီးရထား စသည့် ပို့ဆောင်ရေးနည်းလမ်းမျိုးစုံဖြင့် သယ်ပို့ခြင်းဆိုင်ရာ ဘာသာရပ်များ၊ Warehousing၊ ကုန်စည်ပို့ဆောင်ရေးအာမခံနှင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အပါအဝင် ဘာသာရပ် (၁၀)မျိုးကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ နည်းပြ၊ လက်မှတ်ရ ဆရာ၊ ဆရာမများက သင်ကြားပေးခဲ့ပါကြောင်း၊ မိမိတို့ သင်ကြားတတ်မြောက်ထားသည့် သီအိုရီနှင့် ဘာသာရပ်များကို လက်တွေ့နယ်ပယ်၌ အတွေ့အကြုံနှင့်ပေါင်းစပ်ပြီး လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် FIATA ဒီပလိုမာသင်တန်းဆင်း အောင်လက်မှတ်များကို ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။

 

သတင်းစဉ်