ရန်ကုန် ၂၈ စက်တင်ဘာ

 

မဟတ္တမဂန္ဒီနှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများက မဟတ္တမဂန္ဒီ ဓာတ်ပုံကို ပန်းကုံးစွပ်ပြီး ဆီမီးထွန်းဂါရဝပြုကြသည်။

 

ထို့နောက် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပရေး ကော်မတီဝင် မစ္စတာရာဂျူးဂိုအင်ကာ က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဓမ္မတေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား တို့က အမှာစကား ပြောကြားကြသည်။

 

ထို့နောက် မဟတ္တမဂန္ဒီ အထိမ်းအမှတ်အဆောက်အအုံ ဂေါပကအဖွဲ့၏ ဆောင်ရွက်မှုများ၊ မဟတ္တမဂန္ဒီ၏ ဝါဒနှင့်ကျင့်စဉ်များ၊ မဟတ္တမဂန္ဒီနှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ဆောင်ရွက်ချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြပြီး အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ကြသည်။

 

ယင်းနောက် မဟတ္တမဂန္ဒီနှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အဆောက်အအုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ဟိန္ဒူမျိုးနွယ်စု များက ယဉ်ကျေးမှုအကများ၊ တေးသီချင်းများ၊ ပုဂံအကနှင့် တစ်ခန်းရပ်ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီနှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိပြီး အထိမ်းအမှတ်ဓာတ်ပုံနှင့် ပန်းချီပြပွဲ ကို စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်များတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - ရီရီမြင့် ၊ ဓာတ်ပုံ - ဇော်မင်းလတ်