တောင်ငူ ၂၉ စက်တင်ဘာ

ကေတုမတီမြို့သစ်နှင့် တောင်ငူမြို့ရှောင်လမ်းဖောက်လုပ်မှုတို့တွင် နစ်နာခဲ့ရသော ဒေသခံ ပြည်သူများအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို   တောင်ငူမြို့၊ ခပေါင်းခန်းမ၌   ယမန်နေ့က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြဖွံ့ဖြိုးမှုနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြို့ပြသစ်များ လိုအပ်ချက်အရ ကေတုမတီမြို့သစ်ကို ဖော်ထုတ်ခဲ့ခြင်းနှင့် တောင်ငူမြို့ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းနိုင်စေရန် တောင်ငူမြို့ရှောင်လမ်းကို ဖောက်လုပ်ခဲ့ရာတွင် ဒေသခံပြည်သူများ၏ မြေယာများပါဝင်ခဲ့၍ နစ်နာခဲ့သူများအတွက် မြေယာလျော်ကြေးပေးရန် စီစဉ်ပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် မြေယာလျော်ကြေးပေးခြင်းကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး နစ်နာခဲ့သည့် ဒေသခံပြည်သူများအတွက် စာရင်းဇယား အချက်အလက်များ ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် ဌာနဆိုင်ရာများကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ပြည်သူများ စိတ်ချမ်းသာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခွင့် ရရှိသည့်အပေါ် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးတို့က တောင်ငူမြို့၊ မြို့ရှောင်လမ်းဖောက်လုပ်ခြင်းနှင့် ကေတုမတီမြို့သစ် တည်ဆောက်ခြင်းတို့တွင် နစ်နာဆုံးရှုံးခဲ့သည့် တောင်သူများအတွက် မြေယာနှင့် သီးနှံလျော်ကြေးငွေများအား အသီးသီးပေးအပ်ခဲ့ရာ၊ ဒေသခံတောင်သူ(၂)ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တောင်ငူမြို့ရှောင်လမ်းဖောက်လုပ်မှုကြောင့် နစ်နာခဲ့သည့် တောင်သူ (၁၀၅) ဦးအတွက် ငွေကျပ်(၂၉၂၄၉၉၃၇၄)နှင့် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ် တည်ဆောက်ခဲ့ခြင်းကြောင့် မြေယာဆုံးရှုံးခဲ့သည့် တောင်သူ(၁၇)ဦးအတွက်  နစ်နာကြေး (၇၀၅၀ဝ၀ဝ၀) ကို၊ စုစုပေါင်းငွေကျပ် (၃၆၂၉၉၉၃၇၄)ကျပ်အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ မင်းကြီးဆွေရပ်ကွက်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၏ အနောက်ဘက်ကပ်လျက်ရှိ မြေကွက်လပ်ဧရိယာ (၄)ဧကပေါ်တွင် သီတဂူအာယုဒါနဆေးရုံနှင့် သီတဂူအိမ်ရာဆောက်လုပ်နေမှုနှင့် အဝင်လမ်းတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)