ပုလဲ ၂၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ စိုက်ပျိုးရေး ဘွဲ့ရများအသင်း(တိုင်းဒေသကြီးရုံးခွဲ၊ မုံရွာမြို့)နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး (ကိုယ်စား) ပုလဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက စိုက်ပျိုးရေးဘွဲ့ရများအသင်း (တိုင်းဒေသကြီးရုံးခွဲ၊ မုံရွာမြို့)မှ စိုက်ပျိုးရေးပညာရှင်များက ယင်းမာပင်ခရိုင်အတွင်းရှိ ဝန်ထမ်းငယ်များ၏ တောင်သူ ပညာပေးလုပ်ငန်းများကို စွမ်းဆောင်ရည် အပြည့်အဝဖြင့် ဆောင်ရွက်တတ်စေရန်၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာများ တိုးတက်ရရှိစေပြီး တောင်သူများက အားကိုးအားထားပြုရသော စိုက်ပျိုးရေး ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ ခံယူချက် မှန်မှန်ဖြင့် တာဝန်ယူစိတ်၊ တာဝန်ခံစိတ်အပြည့်ဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များကို ပို့ချဆွေးနွေးပေးမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဦးအေးပို(လက်ထောက်ညွှန်ကြားရေးမှူး - ငြိမ်း) က မြေပဲ၊ နှမ်းနှင့် ဂျုံ စိုက်ပျိုးနည်းစနစ်များအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ဦးဝင်းမြင့်(ဒုတိယညွှန်ကြားရေးမှူး- ငြိမ်း)က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် တောင်သူများဘဝ မြင့်မားတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ဝန်ထမ်းများ လိုက်နာရမည့် တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်းကောင်း၊ ဦးထွန်းပေါမြင့် (ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း)က တောင်သူနည်းပညာပေးလုပ်ငန်းများ၏ အရေးပါမှုနှင့် နည်းပညာပေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ၊ စံပြကွက်၊ စမ်းသပ်ကွက်များကို ရည်ရွယ်ချက်များအတိုင်း အောင်မြင်စွာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကိုလည်းကောင်း ဆွေးနွေး ပို့ချခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ဆွေးနွေးပို့ချက်များနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ယင်းမာပင်ခရိုင်ရုံး၊ ယင်းမာပင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်ရုံးမှ သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


