မယ်စဲ့ ၂၉ စက်တင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club၊ Youth Club အသင်းအဖွဲ့တို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက မယ်စဲ့မြို့ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Women Club အသင်းအဖွဲ့ဝင် ဒေါ်ထရေးဇာက ပရိယာယ်စုံစွာသင်ယူပါနှင့် ရည်ရွယ်ချက်မရှိဘဲအသက်ရှင်နေလျှင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Women Club အသင်းအဖွဲ့ဝင်ဒေါ်အင်နန်းစိုးက လမ်းဖောက်သူနှင့် လိုက်လျှောက်သူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အသင်းအဖွဲ့ခေါင်းဆောင် မောင်ဖြိုးသူဟိန်းက ဒီမိုကရေစီနှင့် လွတ်လပ်စွာပြောဆိုခွင့် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသူ မမြသဇင်က စာဖတ်ခြင်း အနုပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူမရိုစီမိုးက ယဉ်ကျေးသိမ်မွေ့မှုရှိဖို့လိုတယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


