မြစ်ကြီးနား ၂၉ စက်တင်ဘာ

 

 

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ ကြီးမှူး၍ မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲအတွက် သတင်းမီဒီယာများနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရပ်ကွက် CARTEL HOTEL ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

 

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းစာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင်(ဟံသာဝတီ-ဦးအုန်းကြိုင်)က သတင်းမီဒီယာ ကျင့်ဝတ်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားကာ မြန်မာနိုင်ငံ သတင်းစာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက မဏ္ဍိုင်လေးရပ်နှင့် ပတ်သက်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ မဏ္ဍိုင်သုံးရပ်တွင် ပါဝင်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်များနှင့် ပတ်သက်ပြီး တက်ရောက်လာသည့် သတင်းမီဒီယာ အသီးသီးမှ သတင်းထောက်များက မေးမြန်းဆွေးနွေးရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

 

ထို့နောက် စက်တင်ဘာ ၃၀ ရက်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ကျင်းပပြုလုပ်မည့် မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲတွင် သတ်မှတ်ထားသည့် မဏ္ဍိုင်အလိုက် ကိုယ်စားပြုဆွေးနွေးမည့် သတင်းမီဒီယာသမားများအား တာဝန်ရှိသူများက ရွေးချယ်ပေးခဲ့ကြသည်။

 

 

အခမ်းအနားသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်မြို့နယ်များမှ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြကာ တက်ရောက်လာသည့် သတင်းမီဒီယာသမားများအား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ထုတ်ဝေသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် မီဒီယာကျင့်ဝတ်များပါ စာအုပ်များအား ဝေငှပေးခဲ့ကြောင်း သိရသည်။

 

 

ဝင်းနိုင်(ကချင်မြေ)