ညောင်ဦး ၂၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာပေါင်း ၁၀ ရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငေွ၊ မွမ်းမံရန်ပုံငွေတို့ဖြင့် ကျေးလက်ရေရှိရေး လုပ်ငန်းများ လျာထားဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အငယ်တန်းအင်ဂျင်နီယာ -၂ ဦးစိုင်းသက်ပိုင်နှင့် ဝန်ထမ်းများအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေတို့ဖြင့် လျာထားဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာ ကျေးလက်ရေရှိရေး လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအလိုက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ခွင့်ပြုငွေရရှိပါက ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ချပြရှင်းလင်း ဆွေးနွေးရာ ကျေးရွာနေ ပြည်သူများက မိမိတို့ကျေးရွာအလိုက် ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေး ဆောင်ရွက်ပေးလိုသည့် လုပ်ငန်းများကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ကျေးရွာအလိုက် ဆောင်ရွက်လိုသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း များနှင့် စပ်လျဉ်းပြီး အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားမိုး ရေလှောင်ကန် တူးဖော်ခြင်း လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျေးရွာများမှ တာဝန်ယူ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေတို့ဖြင့် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရေး လျာထားဆောင်ရွက်ရန် ရွေးချယ်ထားသည့် ကျေးရွာ(၁၀)ရွာမှာ ညောင်ဦးမြို့နယ် ဂုံတောကျေးရွာ၊ ကူတောကျေးရွာ၊ အုတ်လှေကားကျေးရွာ၊ စုတည် ကျေးရွာ၊ ပျဉ်ချောင်းကျေးရွာ၊ အိုက်မ(တဲတိုက်)၊ တောပြားကျေးရွာ၊ လက်ပံတဲ(တ)ကျေးရွာ၊ ကံသာကျေးရွာနှင့် ယာတောကြီး ကျေးရွာတို့ဖြစ်ပြီး အဆိုပါ ကျေးရွာများအား ရန်ပုံငွေခွင့်ပြုချထားပေးပါက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်း ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


