မန္တလေး ၂၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မန္တလေးမြို့တွင် တတိယအကြိမ်မြောက် သံဃာအပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီက ချမ်းမြသာစည်မြို့နယ် မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုဒ်ရှိ မိုးကောင်းဓမ္မာရုံတွင် ကျင်းပခဲ့ရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် မန္တလေးခရိုင် အတွင်းရှိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သံဃာတော်အပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေး ဗဟိုကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ သံဃာတော် အပါး(၃၀၀၀၀) ဆွမ်းလောင်းလှူပွဲ ကျင်းပနိုင်ရန် ဆွေးနွေးလာသည့်အတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား တင်ပြခဲ့ရာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခွင့်ပြုကြောင်း၊ လောင်းလှူမည့် သံဃာတစ်ပါးလျှင် နဝကမ္မ သုံးသောင်း လှူဒါန်းမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၃ရက်နေ့တွင် ကွင်းဆင်းပြီး အစီစဉ်များကို အတည်ပြုရန် စီစဉ်ထားကြောင်းနှင့် ခန့်မှန်းရေးဆွဲသော အစီစဉ်များအား Power Point နှင့်တကွ သံဃာတော်အပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဌ (မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ) ဦးစိုးလင်း တင်ပြလျှောက်ထားသည်။
ကြွရောက်လာသည့် ဆရာတော်ကြီး တစ်ပါးစီက ယခင်နှစ်ကျင်းပခဲ့သော အတွေ့အကြုံအရ လိုအပ်သည်များကို ဩဝါဒကထာများ မိန့်ကြားသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသက ဆရာတော်များမိန့်ကြားသော ဩဝါဒများမှ ဆုံးဖြတ်ချက်များကို ချမှတ် အတည်ပြုသည်။
မန္တလေးမြို့တွင် မြန်မာ - ထိုင်း ပူးပေါင်း၍ ဆွမ်းလောင်းလှူပွဲကို (၃)ကြိမ်မြောက်ကျင်းပခဲ့ပြီဖြစ်ရာ ပထမအကြိမ်တွင် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့က အောင်မြေသာစံမြို့နယ် ၁၂လမ်းနှင့် ၆၆လမ်းထောင့် မန္တလေးတောင်ခြေတွင် သံဃာအပါး (၁၀၀၀၀)ဆွမ်းလောင်းပွဲ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်တွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့က ချမ်းမြသာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်း၊ သိပ္ပံလမ်းနှင့် မြဝတီမင်းကြီးလမ်းကြားရှိ ချမ်းမြသာစည်လေဆိပ်တွင် သံဃာအပါး (၂၀၀၀၀) ဆွမ်းလောင်းပွဲ ကျင်းပခဲ့ရာ တတိယအကြိမ်မြောက်တွင် သံဃာအပါး (၃၀၀၀၀)အထိ တိုးမြှင့်၍ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


