ရန်ကုန် ၂၉ စက်တင်ဘာ
မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲအခမ်းအနား ဒုတိယ နေ့ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါစာတမ်းဖတ်ပွဲကို ယမန်နေ့က စတင်ကျင်းပခြင်းဖြစ်ပြီး ယနေ့တွင် ဦးအေးချို(မဟာဝိဇ္ဇာ)က မြန်မာ့ဓလေ့ဆုံးမစာများမှ မြန်မာ့ယဉ်ကျေးမှုအမြင်၊ ဒေါက်တာတိုးလှ(ကိုယ်စား) သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ၊လက်ထောက် ညွှန်ကြားရေးမှုး၊ ဒေါက်တာ နိုင်နိုင်ကြည်က ဗဒုံမင်းနှင့် အမိန့်တော်များ (အမိန့်တော်များထဲမှခေတ်သမိုင်းကို ဖော်ထုတ်ကြည့်ခြင်း)၊ ဒေါက်တာညိမ်းညိမ်း (ပါမောက္ခ-မြန်မာစာဌာန)က ကဗျာထဲက ဝတ်စားဆင်ယင်မှု၊ ဒေါက်တာ စိုးစိုးနိုင် (ရန်ကုန် တက္ကသိုလ်)က မြန်မာ့လယ်ယာလုပ်ငန်းသုံးထွန်တုံးနှင့် ဒေါက်တာမိုမိုသန့် (ရန်ကုန် တက္ကသိုလ်) (ကိုယ်စား) နိုင်ငံခြားဘာသာတက္ကသိုလ်၊ သမိုင်းဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာခင်သီတာက မြန်မာ့လူဘောင်အဖွဲ့အစည်းနှင့် သီလရှင် စသည့် ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေးကြရာ စာတမ်းဖတ်ပွဲသို့ တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်းကြပြီး စာတမ်းရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး သဘာပတိနှင့် စာတမ်းရှင်များကို ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါစာတမ်းဖတ်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာစာအတွင်းရှိ မြန်မာမှု၊ မြန်မာ့ဓလေ့များနှင့် မြန်မာ့အတွေးအမြင်များကို မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်၊ ပြည်ထောင်စုစံ၊ ယဉ်ကျေးမှုစံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် မြန်မာ့လူမှုဓလေ့၊ အတွေးအခေါ်၊ ယဉ်ကျေးမှု အမွေအနှစ်များမှတစ်ဆင့် မျိုးချစ်စိတ်နှင့် နိုင်ငံချစ်စိတ် ထက်သန် စေရန်၊ စာပေယဉ်ကျးမှု အမွေအနှစ်များ မှ တစ်ဆင့် ပြည်ထောင်စုတိုင်းရင်းသားများ သွေးစည်းညီညွတ်မှုကို အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြောင်းသိရသည်။
(သတင်းစဉ်)


