ရန်ကုန်  ၂၉   စက်တင်ဘာ 

 

မြန်မာနိုင်ငံ ဘာသာပြန်စာပေကွန်ရက်နှင့် Yangon Translation Society တို့ ပူးပေါင်းကာ Peak Point Academy –Translation & Language Consultancy မှ  ဦးစီးကျင်းပသည့်  အပြည်ပြည်ဆိုင်ရာဘာသာပြန်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၂၁၂) သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် Peak Point Academy မန်နေဂျင်းဒါရိုက်တာ  ဦးမိုရ်လွင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆရာဦးဟိန်းလတ်က ဘာသာပြန်နေ့ သမိုင်း အကျဉ်းကို ရှင်းလင်းပြောကြားသည်။

 

ထိုနောက် Peak Ponit -Academy  Manager ဒေါ်ရတနာ က ညှိနှိုင်းရေးမှူး အဖြစ်ဆောင်ရွက်ပြီး ဘာသာပြန်စာရေးဆရာများဖြစ်သည့် ဆရာ ဟိန်းလတ်၊ ဆရာ ရဲမြလွင်၊ ဆရာ တော်ကောင်းမင်း၊ ဆရာ ဒီနိုဗို တို့က  ဘာသာပြန်ဆိုရာတွင် ပညာရပ်ဆိုင်ရာ ဝေါဟာရများ၊ အသံဖလှယ်မှုစနစ်၊ စကားဖလှယ်မှုစနစ်၊ မူရင်းဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှု စသည့် အကြောင်းအရာများပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။

 

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံ ဘာသာပြန်ကွန်ယက်ကို စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာဘာသာပြန်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပရာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)