နေပြည်တော် ၂၉ စက်တင်ဘာ
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့နှင့် ဦးစီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး နာယကများဖြစ်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ရွှေသင်္ကန်းတော် အရည်အသွေးပိုင်း ဆိုင်ရာများနှင့် ရွှေတိဂုံစေတီတော် ပြုပြင်မွမ်းမံရေးဆိုင်ရာများကို ရှင်းလင်းပြောကြား ကြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခဲ့မှုများ၊ နည်းပညာအဆင့်မြင့်မားသည့် ရွှေသင်္ကန်းတော်များ ကပ်လှူနိုင်ရေးနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်များနှင့် ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
(သတင်းစဉ်)


