နေပြည်တော် ၂၉ စက်တင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၇) မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဖြူးချောင်းရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဓာတ်အားပေးစက်ရုံရှိ ချို့ယွင်းသွားသော စက်အမှတ်(၁)၏ ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ဓာတ်အားပေးစက်ရုံမှူးနှင့် တာဝန်ရှိသူများက ချို့ယွင်းသွားသော ဓာတ်အားပေးစက်၏ အစိတ်အပိုင်းများနှင့် လဲလှယ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြ သည်။ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဓာတ်အားပေးစက်များ ကြံ့ခိုင်ကောင်း မွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြည့်ပြည့်ဝဝ ထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန်၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သော ဓာတ်အားပေးစက်စိတ်အပိုင်းများအား လဲလှယ်ဆောင်ရွက်ရာ၌ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ လဲလှယ်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားပြီး ၂၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင်အမျိုးအစား ၂ လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိသော ဓာတ်အားပေးစက်ရုံ ဖြစ်သည်။
သြဂုတ် ၂၃ ရက်တွင် ဓာတ်အားပေးစက်အမှတ် ၁ ၏ Stator Winding ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး စက်အမှတ် ၁ အား ရပ်တန့်ခဲ့ရသည်။ ချို့ယွင်းသွားသော စက်ပစ္စည်းအစိတ်အပိုင်းများ အား ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ စုပေါင်း၍ စနစ်တကျ လဲလှယ်တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဓာတ်အားပေးစက် အမြန်ပြန်လည် မောင်းနှင်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် ဓာတ်အားပေး စက်အမှတ် ၂ မှ နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ် ဝန်အားပြည့် မောင်းနှင်ဓာတ်အားထုတ်လုပ်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)


