ပဲခူး ၃၀ စက်တင်ဘာ
အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကြီးမှူးကျင်းပသည့် အရက်၊ အရက်စွဲရောဂါနှင့် အသည်းရောဂါအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ(၂၉)ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ပဲခူးတိုင်းဒေသကြီး)ဥက္ကဌ စာရေးဆရာမ ဒေါ်ခင်ဝတ်ရည်(ဝတ်ရည်ခင်-ပဲခူး)နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(ပဲခူးတိုင်းဒေသကြီး) အတွင်းရေးမှူး ဒေါက်တာနေမျိုးတို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ထို့နောက် အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)အသင်းအဖွဲ့ ဥက္ကဌ ပါမောက္ခ ဗိုလ်မှူးကြီးကျော်စိုးထွန်း(ငြိမ်း)မှ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အရက်၊ အရက်စွဲရောဂါနှင့် အသည်းရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) အသင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီဥက္ကဌ၊ အမှတ်(၂) တပ်မတော်စစ်ဆေးရုံမှ ဗိုလ်မှူးကြီး ဒေါက်တာမင်းအောင်ရှန်က အသည်းရောင်အသားဝါဘီပိုး စီပိုးအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ဟောပြောကြပြီး တက်ရောက်လာကြသည့်သူများက သိလိုသည့်မေးခွန်းများကိုမေးမြန်းကြရာ ဟောပြောသူ ဆရာဝန်ကြီးများက ပြန်လည်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရက်ကြောင့် အသည်းရောဂါဖြစ်ပွားမူများနေပြီး နာတာရှည် အသည်းရောဂါဖြစ်ပွားမှုအများဆုံး(၁၀)နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်လျှက်ရှိပြီး တစ်ကမ္ဘာလုံး၌ အသည်းရောင် အသားဝါရောဂါပိုးရှိသူသန်း(၄၀ဝ)ခန့်ရှိပြီး တစ်ရက်လျှင် လူဦးရေ(၄၀ဝ၀)ဦးခန့် သေဆုံးနေကြောင်း၊ အရက်ကြောင့်မုဒိန်းမှု၊ အကြမ်းဖက်မှုများ များပြားလာသည့်အတွက် အရက်ကိုရှောင်ရှားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုလို အသိပညာပေး ဟောပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ)အသင်းအဖွဲ့ ဥက္ကဌပါမောက္ခဦးကျော်စိုးထွန်းက ပြောသည်။
အသိပညာပေးဟောပြောပွဲသို့ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများနှင့်ကျောင်းသား/သူများ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ပဲခူးတိုင်းဒေသကြီး) ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


