မကွေး ၃၀   စက်တင်ဘာ

 

မြသလွန်စေတီတော်ရှိ မြမဉ္ဇာ ဓမ္မသဘင်ခန်းမကြီးထဲတွင် ပန်းချီပညာရှင်ကြီးများ၏လက်ရာ ဘုရားသမိုင်း ပန်းချီကားများကို ချိတ်ဆွဲပြသထားပြီး အနုပညာစွမ်းအားဖြင့် ကုသိုလ်တရား ပွားနိုင်အောင် ဖော်ကျူးထားပုံများကို ဝင်ရောက် လေ့လာနိုင်ကြောင်း ဂေါပကအဖွဲ့ မှ သိရသည်။

 

အောင်ခြင်း(၈)ပါး ပန်းချီကား(၈)ချပ်၊ မြသလွန်ဘုရားသမိုင်း(၆)ချပ်၊ မြသလွန်ရွှေထီးတော် ၊ စိန်ဖူးတော်တင်နေပုံ ပန်းချီကား(၁)ချပ် ၊ စုစုပေါင်း ဆီဆေးပန်းချီကား(၁၅)ချပ်ကို ချိတ်ဆွဲ ထိန်းသိမ်းထားပြသထားပြီး ပန်ချီဆရာကြီးများဖြစ်ကြသည့် ဦးဘကြည် ၊ ဦးလွန်းကြွယ် ၊ ဦးလှသိန်း ၊ ဦးအေးမြင့် ၊ ဦးအုန်းသွင်ကြီး ၊ ဦးအောင်ဘ ၊ ဦးရှိန်ထွန်း နှင့် ဆရာဦးရှိန်ထွန်း၏ သမီးဖြစ်သူ ပန်းချီ စန္ဒာဝင်းထွန်း တို့ ရေးဆွဲပူဇော်ထားသည့် လက်ရာများ ဖြစ်သည်။

 

၇

 

ဆရာကြီး ဦးဘကြည်ကို ပန်းချီအပ်တော့ သမိုင်းစာအုပ် ၊ ဓါတ်ပုံအထောက်အထားတွေ ပေးလိုက်တယ်။ ပညာရှင်ကို ကျွန်တော်တို့ ဘောင်မခတ်ဘူး။ ဆရာကြီး ကြိုက်သလိုဆွဲပါဆိုတော့ ဒီစကားလုံး ကျုပ်ကြိုက်တယ် ။ ဆွဲပေးမယ် ဆိုပြီး လက်ခံခဲ့တာ ” ဟု ဂေါပကအဖွဲ့၊ အတွင်းရေးမှူး(၂)ဦးဝင်းနိုင်တင်က ပန်းချီဆရာကြီးနှင့်စကားပြောဖြစ်ခဲ့ပုံကို ပြောပြသည်။

       

အောင်ခြင်းရှစ်ပါး ပန်းချီ(၈)ချပ်ကို ဆရာကြီးဦးလှသိန်း က ၁၉၈၇ခုနှစ်တွင်ရေးဆွဲပူဇော်ခဲ့ပြီး ဆရာကြီးဦးလွန်း ကြွယ်က စက္ကိန်းတဲတောင်၌ သိကြားမင်းလှူဒါန်းသော မြသားသလွန်တွင် မြတ်စွာဘုရား သီတင်းသုံးနေစဉ် ဘီလူးညီနောင်များက ကြစုဖန်ခါးသစ်သီးများဖြင့် လာရောက် လှူဒါန်းပြီး ကိုးကွယ်ရာလျှောက်ထားတောင်းခံနေပုံကို ၁၉၉၀ ခုနှစ်၌ ရေးဆွဲခဲ့သည်။

 

အာဌာဝကခန်း ပန်းချီဆွဲမယ်ဆိုတော့ သမိုင်းမှာက ညအချိန် ၊ လသာရက်လည်းမဟုတ်ဘူး ။ ကိုယ်လုံးကိုယ်ထည်ကို သရီးဒိုင်မေးရှင်းရုပ်လုံးကြွဖို့ဆိုတာ ပေါ်ပေါ်ထင်ထင်ကြီးဆွဲရင် သဘာဝကမကျဘူး။ ကျောက်ဖျာကို ဖနောင့်နဲ့နင်းရင် မီးပွင့်မယ်။ အပူဟပ်မယ် ၊ အဲဒီကအလင်းနဲ့မှ  Reflation ပြန်ပြီး အာဌာဝကပုံ ရုပ်လုံးကြွလာမယ်။ အဲဒါကို ဆွဲမယ်လို့ ပြောတော့ မှ ပန်းချီဆရာရဲ့အတွေးကို ဟာခနဲ ဖြစ်ရတယ် ” ဟု မြသလွန်ဂေါပက ဦးဝင်းနိုင်တင် က ပြောပြသည်။

 

  “ အာဌဝကလည်း ဒေါသပြင်းစွာ ထွက်ရကား ဆေးဒါန်းမြင်းသီလာ ကျောက်ဖျာအပြင်ထက်၌ လက်ဝဲခြေဖြင့်နင်း ၍ နတ်မင်းတို့ဆရာဂေါတမရဟန်းနှင့်ငါ တန်ဖိုးစွမ်းအားအရာ မည်သူကသာသည်ကိုကြည့်ရှုနေကြကုန်ဟုကြုံးဝါးလျက် အလျား အစောက်ယူဇနာ ၆၀ရှိသော ကေလာသဘတောင်ထွဋ်ကို လက်င်္ကျာခြေဖြင့် နင်းလိုက်လျှင် ” ဟု သရုပ်ဖော်စာ ရေးထိုးထား သည့် ပန်းချီကားချပ်အကြောင်းကို လက်ရှိမြသလွန်ဂေါပက ဦးဝင်းနိုင်တင် က ရှင်းပြခြင်း ဖြစ်သည်။

 

ယခင်က ပန်းချီကားများကို မဟာဝိဇယရံသီ တန်ဆောင်းတော်ထဲတွင် ထားရှိခဲ့ပြီး လွန်ခဲ့သည့် ၅နှစ်ကျော်က  အဆောက်အဦး ဒီဇိုင်းပြောင်းကာ မှန်များကာလိုက်သဖြင့် ပန်းချီကားများ ချိတ်ဆွဲရန်အဆင်မပြေတော့ဘဲ မြမဉ္ဇာဓမ္မသဘင် ခန်းမထဲသို့ ရွှေ့ပြောင်းထားခဲ့ရကြောင်း ၊ လူမှုကွန်ယက်တွင် ဂေါပကများက သေချာမထိန်းသိမ်းသဖြင့် ပန်းချီကားများ ပျောက် ပျက်ကုန်သည်ဟု ပြောဆိုဝေဖန်မှုများ ရှိခဲ့ဖူးပြီး ယင်းဝေဖန်မှုများမှာ ဟုတ်မှန်ခြင်းမရှိဘဲ လာရောက် ကြည့်ရှုလေ့လာကြစေလို ကြောင်း ဂေါပကအဖွဲ့မှ သိရှိရသည်။

 

ဇေယျတု(မကွေး)