ဘောလခဲ   ၃၀  စက်တင်ဘာ

 

ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်သူ့ဆေးရုံခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြန်မာနိုင်ငံ အတက်ရောဂါကာကွယ်ရေး စီမံချက်သင်တန်းဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ကုသရေးနှင့် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းဖြိုးဟန်က အမှာစကားပြောကြားရာ မြန်မာနိုင်ငံသည် အတက်ရောဂါကို ဝက်ရူးပြန် ရောဂါအဖြစ် လူသိများပြီး ကူးစက်နိုင်သည့်ရောဂါအဖြစ်လည်း ယုံကြည်မှုများနေသည်ကို သိရရှိရပါကြောင်း၊ အတက်ရောဂါရှိသူများနှင့်၎င်းတို့၏ မိသားစု၊ပတ်ဝန်းကျင်များက ခွဲခြားဆက်ဆံမှုများ ရှိနေခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရခြင်း၊ အလုပ် လုပ်ခွင့်များ မရှိခြင်း နောက်ဆက်တွဲ စီးပွားရေး၊လူမှုရေး ကျန်းမာရေးဆိုးကျိုးများကို ခံစားနေရကြောင်း၊ အတက်ရောဂါရှိသူများ၏ (၈၀)ရာခိုင်နှုန်းသည် ဆေးကုသမှုကို စနစ်တကျ မှန်မှန်ခံယူပါက ပုံမှန်အတိုင်း နေထိုင်သွားလာလှုပ်ရှားနိုင်မည်ဖြစ်ကြောင်း၊ယခုအတက်ရောဂါစီမံချက်သင်တန်းကို ပို့ချပြီး အတက်ရောဂါ ခံစားနေရသူများအား ပညာပေးခြင်း၊ ကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အတက်ရောဂါ ခံစားနေသူများအနေဖြင့် လာရောက်ကုသခံယူပြီး ဆေးမှန်မှန်သောက်ပါက ပျောက်ကင်းနိုင်ပါကြောင်း ပြောကြား သည်။

 

ဆက်လက်ပြီး အတက်ရောဂါဆိုင်ရာအသိပညာပေးဗီဒီယိုပြသပြီး သင်တန်းကို (၂)ရက်ကြာ ပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

ဖိုးရယ်