ဝမ်းတွင်း ၃၀ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဖြစ်သည်နှင့်အညီ မိုးရွာသွန်းမှု နောက်ကျ၍ မိုးစပါးစိုက်ပျိုးရာတွင် အချိန်လွန်မှ စိုက်ပျိုးနေရ ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ နတ်နန်းကျေးရွာတွင် မိုးရွာသွန်းမှုနောက်ကျသည့်အတွက် ငရုတ်၊ဝါ၊ပြောင်း၊ နှမ်းသီးနှံများ စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းသည့်အတွက် စိုက်ထားသော သီးနှံ များလည်းရှင်သန်မှုမရှိ၍ နှစ်ပြန်စိုက်ပျိုးရာတွင်လည်း ရှင်သန်မှုမရှိကြောင်း၊ စပါးစိုက်ပျိုးရာတွင်လည်း မိုးမရွာသည့်အတွက် အခြောက်ပျိုးထောင်ရခြင်း၊ ယခင်နှစ်က စပါးစိုက်ဧက (၁၀ဝ)ကျော် စိုက်ပျိုးနိုင်သော်လည်း၊ ယခုနှစ်တွင် စပါးစိုက်ဧက (၅၀)သာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
တောင်သူကိုတင်လှိုင်မှ ပြောရာတွင် ယခင်နှစ်က နွားစာရှားပါးသည့်အတွက် ဝမ်းတွင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကင်းတားလက်ဝဲမြောင်းမကြီးဘေးတွင် စိုက်ပျိုးထားသော နွေသီးနှံစပါး ရိတ်သိမ်းထားသည့် ကောက်ရိုး၊မြက်များကိုသွားရောက်၍ ရိတ်ယူရကြောင်း၊ ယခုနှစ်တွင် နွားစာရှားပါးသည့်ဒဏ် မခံရအောင် ပြောင်းသီးနှံများကို အဓိကထား စိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


