မုံရွာ   ၃၀    စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီက မုံရွာ အကျဉ်းထောင်၌ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က မုံရွာအကျဉ်းထောင်အတွက် ဘောလုံး၊ ဘော်လီဘော၊ ဘော်လီဘောပိုက်၊ ပိုက်ကျော်ခြင်း၊ ပိုက်ကျော်ခြင်းပိုက်၊ ဖူဆယ်ဘောလုံးနှင့် စစ်တုရင်စသည့် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မုံရွာအကျဉ်းထောင် ထောင်ပိုင်ကြီးမှ လက်ခံရယူခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းအောင်က တက်ရောက်လာသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတယဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ယခုလို ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်များကို အကျဉ်းဦးစီးဌာန ဝန်ထမ်းများမှတစ်ဆင့် အကျဉ်းသားတွေကို ကျန်းမာကြံ့ခိုင် အောင် တစ်ဆင့်ပြန်လည်သင်ကြားပို့ချပေးသွားရေးနှင့် အကျဉ်းသားများအနေဖြင့် ကျန်းမာကြံ့ခိုင်လာပါက ဆေးကုသစရိတ်များ သက်သာလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများ နည်းပါးလာမည်ဖြစ်ပြီး လွတ်မြောက်သွားပါကလည်း ၎င်းတို့၏ မိသားစုများနှင့် အဆင်ပြေစွာ နေထိုင်နိုင်မှာဖြစ်ကာ တိုင်းပြည်အတွက် ကုန်ထုတ်စွမ်းအားများ တိုးတက်လာမည်ဖြစ်ကြောင်းစသည့် အားကစားဆိုင်ရာနှင့်ပက်သက်၍ အသိပညာပေး ဟောပြောပြီး ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် ဝန်ထမ်းများ၊ မုံရွာအကျဉ်းထောင်မှ ထောင်ပိုင်ကြီးနှင့် ဝန်ထမ်းများ စုစုပေါင်း(၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)