ဒီးမော့ဆို         ၃၀   စက်တင်ဘာ      

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းစံဖူးချောင်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေးနှင့် ချောင်း ကမ်းပါးများ ရှေရှည်တည်တံ့စေရန်အတွက် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက နောင်ပုလဲကျေးရွာအနီးရှိ နန်းစံဖူးချောင်းရိုးတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူ များက ချောင်းရိုးတစ်လျှောက်  ကျွန်း ၁၂၀ဝ ပင်၊ ထင်းရှူး ၂၀ဝ ပင်အား စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒေသခံပြည်သူများက နန်းစံဖူးချောင်း တိမ်ကောလာသည်ကို တင်ပြခဲ့ပြီး တင်ပြချက်အပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ချောင်းရိုး တစ်လျှောက် ပြန်လည်တူးဖော်ပေးကာ ချောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ချောင်းကမ်းပါးများ ရေရှည်တည်တံ့စေရန်အတွက် ယခုလို ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခြင်းသည် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျွန်းပင်များကို စိုက်ပျိုးပေးပြီး နန်းစံဖူးချောင်း ကမ်းဘေးဝဲယာတစ်လျှောက်တွင် သစ်ပင်များ စုပေါင်းစိုက်ပျိုးနေများကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နောင်ပုလဲကျေးရွာ ရိုးရာယဉ်ကျေးမှု ဗုံပလွေအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် တစ်သိန်း ပေးအပ်ချီးမြှင့်ခဲကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)