မကွေး ၃၀ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တိုင်းဒေသကြီးအတွင်း လေစွမ်းအင်မှတစ်ဆင့် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် Mongolia Wind Farm များ လေ့လာရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ခေါင်းဆောင်သော အဖွဲ့ဝင်(၆)ဦးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၅၀ က လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်ဂိုလီးယား နိုင်ငံသို့ ထွက်ခွာသည်။
အဆိုပါ ခရီးစဉ်သည် မွန်ဂိုလီးယာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကွန်ရက်စနစ်နှင့် ပတ်သက်၍ သိရှိနားလည်ရန်နှင့် လေရဟတ်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်း လည်ပတ်မှုကို လေ့လာရန်ဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်အတူ မကွေးတိုင်းဒေသကြီးမှ သယံဇာတ၊ သဘာပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်း၊ သစ်တောဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်သိန်းခိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး (ဒုတိယအင်ဂျင်နီယာချုပ်) ဦးထောင်းဇိုခိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်း တို့ လိုက်ပါသွားကြသည်။
မကွေးတိုင်းဒေသကြီး၌ ဆောင်ရွက်လျက်ရှိသည့် 163 MW Wind Power Project အား ဗြိတိန်နိုင်ငံ Department of International Development(DFID)မှ ငွေကြေးထောက်ပံ့လျက်ရှိပြီး အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိ(၆)ဦးနှင့် InfraCo Asia Develo pment (IAD)နှင့် Infra Capital Myanmar- ReEx(ICM) တို့မှ ကိုယ်စားလှယ်များလည်း လိုက်ပါခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)


