ကျောက်ဆည် ၃၀ စက်တင်ဘာ
ကျောက်ဆည်မြို့၊ဇရပ်ဖြူကျေးရွာ၊ဆင်ချိုးပညာရှင် ဦးဝင်း၏နေအိမ်မဏ္ဍပ်တွင် စက်တင်ဘာ (၃၀)ရက် နံနက်(၉)နာရီကမြို့နယ်အတွင်းရှိ ဆင်ချိုး ပညာရှင်ကြီးများနှင့် ဆင်အက ပညာရှင်ကြီး များအား မျိုးဆက်သစ် ဆင်အကလူငယ်များနှင့်အကအလှဆင်ပိုင်ဆိုင်သူများမှ ပူဇော်ကန်တော့ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဆင်အကပညာရှင်ကြီးဖြစ်သော ဦးချစ်ငွေနှင့် ဦးချိုကြီးက မြန်မာနိုင်ငံတွင် ဆင်အလှအက ပြိုင်ပွဲသည် ကျောက်ဆည်တစ်မြို့တည်းသာ ရှိသောကြောင့် မျိုးဆက်သစ်များ အနေဖြင့် ရိုးရာအမွေကို ကောင်းစွာ ဆက်လက် ထိမ်းသိမ်းနိုင်ကြသောကြောင့် ဝမ်းသာပိတိဖြစ်မိပါကြောင်း မုဒိတာစကားများပြောကြားခဲ့သည်။ထို့ နောက်ဆင်ပြိုင်ပွဲကျင်းပရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးကိုကိုထွေးက ဆင်အအလှပြိုင်ပွဲတွင် အကဲဖြတ် အမှတ်ပေး နည်းစနစ်များအား ဆင်ပညာရှင်ကြီးများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ဆင်ချိုပညာရှင်ကြီး ဦးဝင်းက ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။
ထို့နောက် ဆက်အက မျိုးဆက်သစ်လူငယ်များက မြတ်ဆရာသီချင်းဖြင့် ဝတ္ထုငွေနှင့် အသုံးအဆောင်ပစ္စည်းအား ပညာရှင်ကြီးများ လက်ဝယ်သို့ ပူဇော်ကန်တော့ကြရာ ဆင်အက ပညာရှင်ကြီးဦးမျိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။ ယခုပြုလုပ်သည့် ပူဇော်ပွဲသည် စတုတ္ထအကြိမ်မြောက် ပူဇော်ကန်တော့ပွဲ ဖြစ်ကြောင်းလည်း သိရှိရသည်။
သက်မောင် ခရိုင်(ပြန်/ဆက်)


