ရန်ကုန်  ၃၀  စက်တင်ဘာ

 

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် ဂျပန်နိုင်ငံအိုကာရားမားမြို့တွင် အခြေစိုက်သည့် Myanmar Japan Collaboration Project(MJCP)တို့ ပူးပေါင်း၍ “Akane Schol arship”Programကို ၅ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၁၀  နာရီက ရန်ကုန်မြို့ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းရုံးချုပ်၌ သင်တန်းကာလ(၅)နှစ်ပြည့်တွင် ကျေးလက်ဒေသများ၌ မွေးလူနာများအတွက် အရန်သားဖွား ဆရာမ(၁၁၅)ဦးကို မွေးထုတ်ပေးခဲ့ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျေးလက်ဒေသက လူငယ်မိန်းကလေးများကို စေတနာ့ဝန်ထမ်း အရန်သားဖွားဆရာမများအဖြစ် တာဝန်ထမ်းဆောင်ဖို့ရည်ရွယ်ပြီး ဂျပန်နိုင်ငံ အိုကာရားမားမြို့က NGO အဖွဲ့ဖြစ်တဲ့ အလှူရှင် Myanmar Japan Collaboration Project နဲ့ ငါးနှစ်စီမံကိန်းအဖြစ် ကျွနေ် တာ်တို့ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းကပူးပေါင်း ဆောင်ရွက်တာပါ။ တစ်နှစ်ကိုဒေါ်လာ (၁၂၀ဝ၀)ဖိုး တန်ဖိုးရှိတဲ့ သင်တန်းစရိတ်ကို ထောက်ပံ့ပြီးတော့ အရန်သားဖွား ဆရာမတစ်နှစ်ကို ဦးရေ(၂၀)နဲ့ (၅)နှစ်မှာ (၁၀ဝ)ဦးကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒီနေ့မှာ(၅)နှစ်ပြည့်ပါပြီ။ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းအနေနဲ့ အရန်သားဖွားဆရာမ(၁၅)ဦး ထပ်မံတိုးမြှင့်ပေးတဲ့ အတွက်ကျောင်းကုန်းမြို့နယ်မှာ အရန်သားဖွားဆရာမ(၁၁၅)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။

 

အဆိုပါ အရန်သားဖွားသင်တန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင်(၂၀)ဦးမွေး ထုတ်ပေးခဲ့ကာ ၅ နှစ်ကာလတွင် အရန်သားဖွား ဆရာမ (၁၁၅) ဦးကို မွေးထုတ်ပေးနိုင်ခဲ့၍ ဧရာဝတီ တိုင်းဒေသကြီးကျောင်းကုန်း ဒေသတွင်မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုကိုကျန်သော အရန်သားဖွားဆရာမ(၉၅)ဦးမှာ သက်ဆိုင်ရာကျေးရွာများ၌ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။

 

ဧရာဝတီတိုင်း ဒေသကြီးတွင် အချို့သောကျေးလက်ဒေသများမှာ ရေလမ်းကိုသာ အားပြုနေရဆဲဖြစ်၍ သွားလာရေးခက်ခဲသည့်အတွက် ကျန်းမာရေး ဝန်ထမ်းလိုအပ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေးသူငယ်တို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုကိုဖြည့်ဆည်းရန် အရန်သားဖွားဆရာမများကို စေတနာ့ဝန်ထမ်းများအဖြစ် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ မွေးထုတ်ပေးခြင်းဖြစ် ပြီးကျန်မာရေးဝန်ကြီးဌာနမှ အရန်သားဖွားဆရာမ တစ်သောင်းကျော်ကို (၁၉၇၆)ခုနှစ်တွင် မြို့နယ်ပေါင်း(၁၅)မြို့နယ်မှ စတင်၍မြို့နယ်ပေါင်း(၃၀ဝ)ကျော်ထိ မွေးထုတ်ပေးခဲ့ရာ တိုးပွားလာသော လူဦးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သောကျေးလက်ဒေသတို့တွင် တာဝန်ထမ်းဆောင်ရန် လိုအပ်နေသောကြောင့် ယခုကဲ့သို့စေတနာ့ ဝန်ထမ်းအရန် သားဖွားဆရာမများကို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ မွေးထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ ကျေးရွာအုပ်စုပေါင်း(၁၃၀ဝ၀)ကျော်တွင် ကျေးရွာတစ်အုပ်စုလျှင် အရန်သားဖွား  ဆရာမ(၂)ဦးနှုန်းဖြင့် မွေးထုတ်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျှက်ရှိပြီး အဆိုပါ အရန်သားဖွားဆရာမများ အနေဖြင့် မိမိတို့ဒေသတွင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ဆောင်လျှက်ကျန်သော အချိန်များ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်တို့၏ ကျန်းမာရေးကို အဆင်သင့်စောင့်ရှောက်မှု ပေးနေပြီဖြစ်၍ ယခင်ထက် သေဆုံးမှုနှုန်း လျော့နည်းလာလျှက်ရှိရာ ဆေးရုံ၊ ဆေးခန်းနှင့် ဝေးလံသော ဒေသတို့တွင် ပြည်သူတို့၏ရှေးဦး ကျန်းမာရေးစောင့်ရှောက်မှုကို အရန်သားဖွားဆရာမများက ကူညီ ပံ့ပိုးပေးနိုင်ရန် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ သင်တန်းများပေး၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး