နေပြည်တော်  ၃၀  စက်တင်ဘာ


လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ်များ(Core Group) နှင့် CTFMR (Country Task Force on Monitoring and Reporting)တို့ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် Core Group ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ စတင်ဖွဲ့စည်းခဲ့မှု၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းကော်မတီ ထပ်မံဖွဲ့စည်းမှု၊ Action Plan (မူကြမ်း) ရေးဆွဲခဲ့မှု၊ ဩဂုတ်လ(၅)ရက်နေ့တွင် Action Plan (မူကြမ်း)အား CTFMR သို့ ချပြဆွေးနွေးခဲ့မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး Action Plan (မူကြမ်း)အပေါ် CTFMR အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးတို့မှ ဖြည့်စွက်အကြံပြုချက်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် CTFMR အဖွဲ့တွင် ပါဝင်သော UNRC၊ World Vision , UNICEF, UNHCR, UNFPA တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြကြောင်း သိရှိရသည်။


(သတင်းစဉ်)