နေပြည်တော်  ၃၀  စက်တင်ဘာ

 

အပြည်ပြည်ဆိုင်ရာ ရော်ဘာနှီးနှောဖလှယ်ပွဲ ၂၀၁၉ International Rubber Conference 2019 အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဒုတိယဝန်ကြီးများ ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံတကာ ရော်ဘာအဖွဲ့ အစည်းဖြစ်သည့် သဘာဝရော်ဘာထုတ်လုပ်‌သော နိုင်ငံများအသင်း ANRPC ၏ အထွေထွေအတွင်းရေးမှူး Dr. Nguyen Ngoc Bich၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ IRRDB ၏ အထွေထွေအတွင်းရေးမှူး Dr. Abdul Aziz နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများမှ ရော်ဘာပညာရှင်များ စုံညီစွာ တက်ရောက်ကြသည်။

 

နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က သစ်တော များ၊ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်များအပါ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိသော ရေရှည်တည်တံ့နိုင်သည့် သဘာဝရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက် ရေးကို မိမိတို့အားလုံး ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း၊ ရော်ဘာစိုက်ပျိုး ရာတွင် ဧက ၂၀ အောက် ပိုင်ဆိုင်သည့် ခြံ ငယ်ရှင်များ၏ ကဏ္ဍသည် စိုက်ဧရိယာ အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို နေရာယူထားသည်ဖြစ်ရာ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြံငယ်ရှင်များဏ္ဍဆိုင်ရာ ဖွံ့ဖြိုး တိုးတက်အောင် အဓိက ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်အသုံးပြုမှု များပြားလာမှုနှင့်အတူ တာယာလိုအပ်ချက် ကြီးမားလာသည့် အလျောက် တာယာများ ပြည်တွင်းသို့ တင်သွင်းမည့် အစားနိုင်ငံအတွင်း လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းအားဖြင့် သွင်းကုန်တန်ဖိုး လျှော့ချနိုင်သကဲ့သို့ ပြည်တွင်းရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အတွက် ဈေးကွက်ရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ တိုးတက်လာ မည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ၏ ရော်ဘာလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး မူဝါဒများ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ဖွံ့ဖြိုးတိုးတက်နေသော ရော်ဘာစိုက် နိုင်ငံများကဲ့သို့ Rubber Board တည်ထောင်ခြင်း၊ Rubber Research Institute များ တည်ထောင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် ရော်ဘာထုတ်လုပ် နိုင်အောင် အားပေးကူညီခြင်း၊ ခြံငယ်ရှင်များအတွက် လိုအပ်သော အကူအညီ အထောက်အပံ့များ၊ သင်တန်းများ၊ နည်းပညာများ ဖြန့်ဝေပေးခြင်း၊ သုတေသနများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း  စသည်တို့ကို လျင်မြန်စွာ ကြိုးပမ်းအကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ၏ သုတေသနအခြေပြုဖွံ့ဖြိုးရေးကဏ္ဍကို ဖြည့်ဆည်းနိုင်ရန်အတွက် ရော်ဘာသုတေသနလုပ်ငန်းများတွင် ရန်ပုံငွေကျခံသုံးစွဲခြင်း၊ ကျွမ်းကျင်ဝန်ထမ်းမွေးမြူ ခြင်း၊ သုတေသနအခြေခံ အဆောက်အဦများ၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းရော်ဘာစပ်မျိုး ထုတ်လုပ်ခြင်း ပြုနိုင်ရန်အတွက် မျိုးယှဉ်ပြိုင်သုတေသန စမ်းသပ်ကွက်များ တည်ထောင်စိုက်ပျိုးကာ ဒေသနှင့် အကိုက်ညီဆုံး ရော်ဘာမျိုးများကို ရွေးချယ်ဖော်ထုတ်ပြီး ‌ရော်ဘာစိုက်ပျိုးသူများသို့ အသိပေးဖြန့်ဝေပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဌ ဉီးအောင်မြင့်ထူး က မြန်မာနိုင်ငံ၏  ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေ အနေများကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ IRRDB ၏ အထွေထွေအတွင်းရေးမှူး Dr. Abdul Aziz က နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ ရော်ဘာ နှီးနှောဖလှယ်ပွဲ ၂၀၁၉ အထိမ်းအမှတ် ခင်းကျင်းပြသ ထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

အပြည်ပြည်ဆိုင်ရာ ရော်ဘာ နှီးနှောဖလှယ်ပွဲ ၂၀၁၉ အခမ်းအနားသို့ မြန်မာ၊တရုတ်၊အိန္ဒိယ၊ထိုင်း၊ သီရိလင်္ကာ၊ဖိလစ်ပိုင်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ ရော်ဘာပညာရှင်များ တက်ရောက်လျက်ရှိပြီး စာတမ်း ပေါင်း ၅၈ စောင်ကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၂ ရက်ကြာ ဖတ်ကြားဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာနသည် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ရော်ဘာအဖွဲ့အစည်းများဖြစ်သော သဘာဝရော်ဘာထုတ်လုပ်‌သောနိုင်ငံများအသင်း(Association of Natural Rubber Producing Countries – ANRPC) ၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Rubber Research and Development Board – IRRDB) စသည့် အဖွဲ့များနှင့် အဖွဲ့ဝင်နိုင်ငံ ဖြစ်‌‌ရေး စတင်ဆောင်ရွက်ခဲ့သည်။ IRRDB အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် IRRDB ၏ နှစ်စဉ်အစည်းအဝေးတွင် ဌာနကိုယ်စားလှယ်အဖွဲ့များမှ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး IRRDB ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် IRRDB ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဝင်ရောက်နိုင်ခဲ့သည်။

 

ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၊ တင်ပို့ရောင်းချမှုဆိုင်ရာ လုပ်ငန်းများတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်နိုင် ရေးအတွက် ANRPCသို့ ဝင်ရောက်နိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ရော်ဘာသုတေသန လုပ်ငန်းများ၊ နိုင်ငံတကာနှင့် ရော်ဘာမျိုးဖလှယ်သည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက် နိုင်ရေး အတွက် IRRDB သို့လည်း  ၂၀၁၈ ခုနှစ်မှစ၍ အသင်းဝင်အဖြစ် ဝင်ရောက်နိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာ့ရော်ဘာထုတ်လုပ်မှု အရည်အသွေးနှင့် အရေအတွက် တိုးတက် မြင့်မားရေးကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)