နေပြည်တော်   ၃၀   စက်တင်ဘာ

 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ပြည်သူများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများ၏ အားကိုးအားထားပြုနိုင်သော အဖွဲ့အစည်း တစ်ခု ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါတွင် ယှဉ်ပြိုင်မှု ကော်မရှင်သို့ ယှဉ်ပြိုင်မှု ဥပဒေဆိုင်ရာ ဆွေးနွေးမေးမြန်းမှုများ၊ တိုင်ကြားမှုများ လက်ခံရရှိမှု တိုး တက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ကော်မရှင်ကို ပြည်သူများ၏ ယုံကြည်အားထားမှု အထိုက် အလျောက်ရရှိလာပြီဆိုသည်ကို ဖော်ပြနေပါကြောင်း၊ ပြည်သူများအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေ အကြောင်းကိုသာမက  တိုင်ကြားမှု နည်းလမ်းများကိုလည်း သိရှိနားလည်လာအောင် အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မီဒီယာ များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် မီဒီယာနှင့်ပုံမှန်တွေ့ဆုံကာ ယှဉ်ပြိုင်မှုဆိုင်ရာဆောင်ရွက်မှု အခြေအနေများ ကို အသိပေးရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း  ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်၏ တတိယအကြိမ် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို ယှဉ်ပြိုင်မှု ကော်မရှင်ရုံးမှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

 

(သတင်းစဉ်)