၃၀ စက်တင်ဘာ

 

ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေ လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။

 

ယင်းခြေစမ်းပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲအတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး နိုဝင်ဘာလအတွင်း နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲနှင့် ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် စက်တင်ဘာလအတွင်း လူရွေးပွဲနှင့်ပြည်တွင်းခြေစမ်းပွဲများ ဆက်တိုက်ကစားခဲ့သလို အောက်တိုဘာတွင်လည်း ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နိုဝင်ဘာတွင် နိုင်ငံတကာပွဲ ငါးပွဲကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ ချုံကင်းမြို့၌ ကျင်းပမည့် ဘရာဇီး၊ နယူးဇီလန်၊ တရုတ်တို့ပါဝင်မည့် တရုတ်လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကစားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲအပြီးတွင် ချုံကင်းမြို့မှ ပေကျင်းမြို့သို့ ဆက်လက်ထွက်ခွာကာ တစ်ပတ်ကြာနေထိုင်ပြီး တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေအသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာနှင့် တရုတ်တိုင်ပေ လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၁၅ ခုနှစ်က မန္တလေးမြို့၌ ကျင်းပသည့် ၂၀၁၆ အိုလံပစ်ခြေစစ်ပွဲတွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး မြန်မာအသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ သက်တမ်းတစ်လျှောက် ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိသေးဘဲ အမြင့်ဆုံး ငွေနှင့် ကြေးတံဆိပ်သာ ရယူနိုင်ခဲ့သည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ၌ ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်