နေပြည်တော်  ၃၀   စက်တင်ဘာ

 

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲအကျဉ်းထောင်တွင် ပြစ်ဒဏ်ကာလပြီးဆုံး၍ Open Distress Camp တွင် ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား(၁၂)ဦးသည် ရန်ကုန် မြို့သို့ ယမန် နေ့ ည  ၉ နာရီ မိနစ် ၂၀ တွင် မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့်    ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ကိုလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တို့သည် လိုအပ်သည့် ကူညီဆောင်ရွက်မှုများဖြစ်သည့် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ အပြန်လေယာဉ် လက်မှတ်များအား ကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံသားပိုင် ဖိုးလမင်းကုမ္ပဏီနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပို့ဘလဲ- ကိုလ်ကတ္တား- ရန်ကုန်ခရီးစဉ်ဖြင့် ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ အဆိုပါမြန်မာရေလုပ်သားများအား  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

 

အိန္ဒိယနိုင်ငံတွင် ပြစ်ဒဏ်ကာလပြီးဆုံးသည့် မြန်မာရေလုပ်သားများအား မြန်မာနိုင်ငံသို့  ခေါ်ဆောင်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်နယူးဒေလီမြို့ရှိ  မြန်မာသံရုံးနှင့် ကိုလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တို့မှတစ်ဆင့် အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံသားဆိုင်ရာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်းတို့အား ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း လေဆိပ်တွင် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ရေလုပ်သားများ အမိမြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် နိုင်ငံတော်၏စရိတ်ဖြင့် စီစဉ်ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့၊  မြန်မာနိုင်ငံသားပိုင် ဖိုးလမင်းကုမ္ပဏီမှလည်း စေတနာဖြင့် ကူညီပေးလျက်ရှိရာ အဆိုပါ ကုမ္ပဏီအနေဖြင့် ၂၀၁၈ ခုနှစ်မှ လက်ရှိအချိန်ထိ မြန်မာရေလုပ်သား စုစုပေါင်း ၄၈ ဦးအတွက် အပြန်လေယာဉ်လက်မှတ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)