မန္တလေး ၃၀ စက်တင်ဘာ
၂ဝ၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ ညနေ ၃ နာရီက ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိ အားကစားကွင်း၌ မိထ္ထီလာခရိုင် အသင်းနှင့် ကျောက်ဆည်ခရိုင် အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မိထ္ထီလာခရိုင် အသင်း နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယလွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ဆုများပေးအပ်ချီးမြှင့်ပွဲကို ကျင်းပရာ ဒုတိယဆုရ ကျောက်ဆည်ခရိုင် အသင်းနှင့် ပထမဆုရ မိထ္ထီလာခရိုင်အသင်းတို့မှ အားကစားသမားများကို တစ်ဦးချင်း ဆုတံဆိပများ၊ ဒုတိယဆု ငွေကျပ် ၃ သိန်းတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများပေးအပ်ခဲ့ကြသည်။
ထို့နောက် နေရာအလိုက် အကောင်းဆုံးဆုများတွင် ဂိုးဆုရ မန္တလေးခရိုင်အသင်းမှ သီရိစိုး၊ နောက်တန်းဆုရ ကျောက်ဆည်ခရိုင် အသင်းမှ ကြည်ရတနာသိန်း၊ အလယ်တန်းဆုရ မိထ္ထီလာခရိုင် အသင်းမှ တင်ဇာထက်လင်း၊ ရှေ့တန်းဆုရ မိထ္ထီလာခရိုင်အသင်းမှ ငြိမ်းငြိမ်းဖြိုးနှင့် ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆုရ ရမည်းသင်းခရိုင် အသင်းမှ စန္ဒာလင်းတို့ကို လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးမှ တစ်ဦးချင်း ထူးချွန်ဆုနှင့် ဆုငွေကျပ် ၅ သောင်းစီကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြှင့်မောင်က ပထမဗိုလ်စွဲသည့် မိထ္ထီလာခရိုင် အသင်းအား ဆုငွေကျပ် ၅ သိန်းနှင့် တံခွန်စိုက် ပထမဆုဖလားကို ပေးအပ်ခဲ့ပြီး စုပေါင်း အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အုပ်စု ၂ စုခွဲ၍ (က)အုပ်စုတွင် ကျောက်ဆည်၊ မိထ္ထီလာ၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင် အသင်းတို့ပါဝင်ကာ ရွှေမန်းတောင် အားကစားကွင်း၌ လည်းကောင်း၊ အုပ်စု(ခ)တွင် ပြင်ဦးလွင်၊ မန္တလေးနှင့် ရမည်းသင်းခရိုင် အသင်းတို့ ပါဝင်ကြပြီး မဟာအောင်မြေ အားကစားကွင်းတွင် လည်းကောင်း စက်တင်ဘာ ၂၂ ရက်မှ စတင်ယှဉ်ပြိုင်ကစား၍ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)