လူတိုင်းမအောင်မြင်နိုင်ကြပါဘူးနော်။ အောင်မြင်သူတွေက လူနည်းစုလောက်ပဲရှိကြတာပါ။ အောင်မြင်သူတွေက ကံကောင်းလို့အောင်မြင်တယ်ဆိုတာထက် သူတို့မှာ သူမတူတဲ့ အလေ့အထလေးတွေပိုင်ဆိုင်ထားလို့လည်း အောင်မြင်ကြတာပါနော်။ အောင်မြင်သူတွေက လူတွေထဲက လူတွေပဲဆိုပေမယ့် သူမတူတဲ့ နေ့စဉ်အလေ့အထလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဒါဆိုအောင်မြင်သူတွေမှာ ပိုင်ဆိုင်ထားတဲ့ အမူအကျင့်တွေက ဘာများလဲ။ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါနော်။

 

အောင်မြင်သူတွေရဲ့ သူမတူတဲ့ အလေ့အထတွေကတော့

အရေးကြီးတဲ့လုပ်စရာတွေကို ရေးမှတ်ထားတတ်ကြတယ် – အရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စတွေကို မေ့လျော့ပျက်ကွက်တာမျိုးမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို အရေးအကြီးဆုံးကနေစလို့ ရေးမှတ်ထားတတ်ကြပါတယ်။

 

မနက်စောစောအိပ်ရာထလေ့ရှိကြတယ် – အိပ်စက်တာကို လိုအပ်သလောက်ပဲ ရယူတတ်ကြပါတယ်။ အိပ်နေရင်းနဲ့ သူတို့ရဲ့ တန်ဖိုးတဲ့အချိန်တွေကို ကုန်ဆုံးမခံကြပါဘူး။ ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိတတ်ကြပေမယ့် နေမြင့်တဲ့အထိတော့ မအိပ်တတ်ကြပါဘူး။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားတယ် – အစားမတော်တလုတ်ကြောင့် ခန္ဓာကိုယ်ကို အထိခိုက် မခံသလို ဖျားနာမှုကြောင့် လုပ်ရမယ့် တာဝန်တွေပျက်ကွက်မှာကိုလည်း အဖြစ်မခံကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်ကြသူတွေပေါ့။

 

ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်တတ်ကြတယ် – သူတို့လူတိုင်းနဲ့ အဆက်အသွယ် မပြတ်တတ်ကြပါဘူး။ အချိန်တိုင်းမှာ ခင်မင်ရင်းနှီးသူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတတ်ကြသူတွေပါ။

 

တိကျတဲ့အချိန်ဇယားရှိတတ်ကြတယ် – အလုပ်လုပ်တဲ့အခါ ဘယ်အချိန်မှာတော့ဖြင့် ဒီအလုပ်တွေကို ပြီးအောင်လုပ်မယ်။ ဒီလောက်အတိုင်းအတာအတွင်းမှာ အလုပ်တာဝန် ဘယ်နှခုကိုတော့ဖြင့် ပြီးစီးရမယ်ဆိုတာကို အခြားသူက သတ်မှတ်ပေးထားတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်သူတို့ချမှတ်ပုံသွင်းထားတဲ့ အချိန်ဇယားရှိတတ်ကြသူတွေပါ။

 

အတွေ့အကြုံတွေကနေသင်ယူတတ်တယ် – ကောင်းတဲ့အတွေ့အကြုံကနေဖြစ်ဖြစ်၊ ဆိုးတဲ့ အတွေ့အကြုံကနေဖြစ်ဖြစ် သင်ခန်းစာယူရမယ့် ကိစ္စတွေကို သင်ခန်းစာယူတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ အတွေ့အကြုံကနေမကပါဘူး။ အခြားသူတွေရဲ့ အတွေ့အကြုံကနေလည်း သင်ယူတတ်ကြပါတယ်။ စိန်ခေါ်မှုတွေကိူ အခွင့်အရေးတွေလိုသတ်မှတ်ပြီး အကောင်းဆုံး သင်ယူရင်း ကျော်ဖြတ်တတ်ကြသူတွေပါ။

 

လေ့ကျင့်ခန်းလုပ်ကြတယ် – ခန္ဓာကိုယ်ကျန်းမာပြီး စိတ်လန်းဆန်းစေဖို့ ပုံမှန်လေ့ကျင့်ခန်း လုပ်တတ်ကြသူတွေလည်းဖြစ်ပါ တယ်။ အများကြီးမဟုတ်တောင် ပုံမှနလမ်းလျှောက်တာလောက် ပြေးတာလောက်တော့ လုပ်ကြပါတယ်။

 

ကျန်းမာရေးဂရုစိုက်ကြတယ် – သူတို့က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လိုက်နာရမယ့် ကိစ္စတွေကို မပျက်မကွက်လုပ်ဆောင်တတ်ကြပါတယ်။ အာဟာရမျှတအောင်စားတယ်၊ ပုံမှန် အိပ်စက်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်၊ အားဆေးသောက်တာလိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိုဖြည့်တင်းတာမျိုးလုပ်တတ်ကြပါတယ်။

 

နားထောင်တတ်တဲ့အလေ့အထရှိတယ် – အောင်မြင်သူအများစုက Good Speaker တွေမဟုတ်ကြပါဘူး။ Good Listener တွေပါ၊ သူတို့တွေက အခြားသူတွေပြောတာကို ဂရုတစိုက်နားထောင်လို့ အတွေ့အကြုံတွေကို လေ့လာကြပါတယ်။ ပြီးမှ အကြံပေးစရာရှိတာကို အကြံပေးကြတာပါ။

 

ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရကိုဖြည့်တင်းတတ်ကြတယ် – ဒီနေရာမှာ စာဖတ်တာ၊ ဗဟုသုတတွေလေ့လာတာမျိုးလည်း လုပ်ကြသလို ဦးနှောက်နဲ့ မှတ်ဉာဏ်ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေပြည့်ပြည့်ဝဝရရှိစေဖို့အတွက်လည်း ဗီတာမင် အားဖြည့်ဆေးတွေ သောက်သုံး တတ်ကြပါတယ်နော်။

 

ကဲ အများက အားကျတဲ့ အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြခဲ့တဲ့ အလေ့အကျင့်လေးတွေကို မွေးမြူဖို့တိုက်တွန်းပါရစေ။ နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပြီး သင်ယူရမယ့်အရာတွေကို လေ့လာသင်ယူလို့ အောင်မြင်သူ တစ်ယောက်ဖြစ်အောင် ကိုယ့်ကိုကိုယ် ပျိုးထောင်လိုက်ပါနော်……..

 

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်