ဟော်မုန်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေတွေအားလုံးကို အုပ်စိုးထားတဲ့ အရာတစ်ခုလေ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ သွေးဆုံးခါနီးသူတွေကို ကြည့်ပါလား။ ဟော်မုန်း တွေ အပြောင်းအလဲဖြစ်တာကြောင့်တော်ကြာနေရင်း အေးလိုက် တော်ကြာနေပူလိုက် ဓမ္မတာလည်း လာလိုက်မလာလိုက်နဲ့ မီးယပ်ပြဿနာတွေဖြစ်ရတာပေါ့။ ကိုယ်က သွေးဆုံးခါနီးအရွယ်ကို မရောက်သေးပေမယ့် ကိုယ့်ဆီမှာ ဟော်မုန်းမမျှတတဲ့ပြဿနာရှိနေရင် ဘယ်လိုလက္ခဏာတွေပြလဲ ဆိုတာကြိုသိထားတော့ မမှားဘူးပေါ့။ ဟော်မုန်းဓာတ်တွေ ညီညွတ်မျှတမှ ဓမ္မတာစက်ဝန်းမှန်မယ်၊ စိတ်တိုစိတ်ရှုပ် စိတ်ဖိစီးတာတွေကင်းမှာလေ။
ဒီတော့ ဟော်မုန်းတွေ မမျှတ အပြောင်းအလဲ ဖြစ်နေပြီဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။
( ၁ ) ရုတ်တရက် ကိုယ်အလေးချိန် အများကြီးတက်လာမယ်။
ဟော်မုန်း မမျှတတဲ့အခါ ကိုယ်အလေးချိန် တွေ ရုတ်တရက်အများကြီးတက်လာပြီး ပြန်ချဖို့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့့် အီစတိုဂျင်၊ cortisol နဲ့ အင်ဆူလင်ဟော်မုန်းတွေ များနေရင် နောက်ပြီး thyroxin ဟော်မုန်းနည်းနေရင် ကိုယ်အလေးချိန် အများကြီးတက်လာပါလိမ့်မယ်။
( ၂ ) ချွေးထွက်လွန် ချွေးစေးပြန်တာမျိုးတွေဖြစ်လာမယ်။
ချွေးထွက်လွန် ချွေးစေးပြန်တာတွေက ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာတွေထဲကတစ်ခုပါ။ ဘာ့ကြောင်လဲဆိုတော့ ဟော်မုန်းတွေရဲ့ အဓိက အခန်းကဏ္ဍတွေထဲမှာ ကိုယ်အပူချိန်ကို ထိန်းတာကလည်း တစ်ခုအပါအဝင်လေ။
( ၃ ) လိင်မှုဆိုင်ရာ ကိစ္စတွေမှာ စိတ်ဝင်စားမှု နည်းနေတတ်ပါတယ်။
အမျိုးသမီးတို့ရဲ့ သားဥအိမ်ကနေထုတ်တဲ့ အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်း အပြောင်းအလဲတွေက လိင်မှုဆိုင်ရာ ကိစ္စတွေမှာ စိတ်ဝင်စားမှုစေပါလိမ့်မယ်။
( ၄ ) ဆံပင်ကျွတ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
ဆံပင်ဆိုတာ တစ်နေ့ကိုနည်းနည်းစီ ကျွတ်တာချည်းပါပဲ။ ဒါပေမယ့် လိုတာထက်ပိုပြီး ကျွတ်ခဲ့ပြီဆိုရင်တော့ ဒါ သတိထားစရာ ကိစ္စဖြစ်နေပါပြီ။ လက်လေးနဲ့ ကိုင်လိုက်တာနဲ့တင် ဆံပင် အထွေးလိုက်ကျွတ်၊ ခေါင်းလေဖြီးလိုက်တာနဲ့တင် ဆံပင်တွေ ကျွတ်နေပြီဆိုရင် ဒါ ဟော်မုန်း အပြောင်းအလဲ များတာတွေရဲ့ လက္ခဏာတွေထဲ တစ်ချက်ဖြစ်နိုင်ပါတယ်။ ဆံပင်ကျွတ်နဲ့ သက်ဆိုင်တဲ့ဟော်မုန်းတွေကတော့ သိုင်းရွိုက်ဟော်မုန်း၊ adrenal hormone နဲ့ ကော်တီစော ဟော်မုန်းနဲ့ အီစတိုဂျင် ပရိုဂျက်စတုန်း ဟော်မုန်းတို့ပဲ ဖြစ်ပါတယ်။
( ၅ ) အမောအပန်းလွန်လာတတ်ပါတယ်။
ကိုယ်က ဘာလှုပ်ရှားမှုမှ ပြင်းပြင်းထန်ထန်လည်း မလုပ်ရသေးဘူး။ မောနေပြီ။ တစ်နေ့တစ်နေ့လန်းလန်းဆန်းဆန်းလည်း မရှိ တစ်ချိန်လုံးနုန်းနေပြီဆိုရင်တော့ ဒါ thyroxin ဟော်မုန်းကြောင့်ဖြစ်နိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲများလေလေ အိပ်ချိန်တွေ အပြောင်းအလဲဖြစ်လေ စိတ်ဖိစီးမှု ဖြစ်လေလေနဲ့ နောက်ဆုံးပိုပြီး မောပန်းလာတာမျိုးတွေဆက်ဖြစ်နေတတ်ပါတယ်။
( ၆ ) ဝက်ခြံတွေလည်း ပေါက်နေပါလိမ့်မယ်။
ဝက်ခြံ တွေကလည်း ဟော်မုန်း အပြောင်းအလဲတွေနဲ့ သက်ဆိုင်နေတယ်ဆိုရင် အံ့သြသွားမလား။ ဝက်ခြံပေါက်တာနဲ့ အဓိကဆက်စပ်နေတဲ့ ဟော်မုန်းကတော့ testosterone ဟော်မုန်းပေါ့။
( ၇ ) အသားအရေ တင်းရင်းမှုလည်း လျော့လာတတ်ပါတယ်။
ဟော်မုန်း အပြောင်းအလဲ ဖြစ်လာလေလေ ကြွက်သားအားသန်မှုတွေ လျော့လာလေလေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အသက်ကြီးလာချိန် လက်မောင်းတွေ တွဲကျလာတာပေါ့။
( ၈ ) အစာခြေဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာတတ်ပါတယ်။
ဟော်မုန်းတွေထဲက အထူးသဖြင့် အီစတိုဂျင် ဟော်မုန်းက အစာအိမ်လမ်းကြောင်းထဲက microflora တွေအပေါ် သွားသက်ရောက်တာကြောင့် ဓမ္မတာလာချိန် လေပွတာ၊ ဗိုက်အောင့်တာ ကိုက်ခဲနာကျင်တာနဲ့ ဝမ်းချုပ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။
( ၉ ) အပူရှပ်တာနဲ့ ညဘက်ချွေးစေပြန်တာလည်း ဖြစ်နိုင်ပါတယ်။
သွေးဆုံးခါနီးတဲ့သူတိုင်း ကြုံတွေ့ရတဲ့ ကိုယ်ပူသလိုလို အေးသလိုလို ဖြစ်တာတွေနဲ့ ညဘက်ချွေးစေးပြန်တဲံ ပြန်တဲ့ ပြဿနာတွေဟာ ဟော်မုန်း မမျှတတဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဒါအတွက် တာဝန်ရှိတဲ့ ဟော်မုန်းဆိုရင် အီစတိုဂျင် ဟော်မုန်းကို ညွှန်ပြရမှာပဲ။
ဟော်မုန်း မမျှတခြင်းကြောင့် အခြားဖြစ်နိုင်တဲ့ ပြဿနာတွေကတော့
• ဝမ်းချုပ်တာ
• ဓမ္မတာနည်းတာ များတာ
• မိန်းမကိုယ်ခြောက်သွေ့တာ
• စိတ်ကျဝေဒနာခံစားရတာ နဲ့
• ကလေးမရနိုင်တဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ။
ရေးသားသူ Dr. Thin Yadanar @ Francesဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”