မင်းဘူး ၁ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၆၅ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေရရှိရေး ၊ ရပ်ကွက်လမ်းများ ကောင်းမွန်ရေး ၊ မြို့တွင်း သန့်ရှင်းသာယာလှပရေး ၊ ပြုပြင်ရန်လိုအပ်သည့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရေနုတ်မြောင်းများ တူးဖော် ဆောင်ရွက်ခြင်းနှင့် စွန့်ပစ်အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများကို မြို့ပြအင်္ဂါရပ်နှင့် အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့ပြ လမ်းတည်ဆောက်ခြင်းလုပ်ငန်း ၁၈ ခု ၊ မြို့ပြတံတား တည်ဆောက်ခြင်းလုပ်ငန်း ၂ ခု ၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း ၆ ခု ၊ တင်ဒါလုပ်ငန်းပိုလျှံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်း ၁ ခု ၊ အစိုးရထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်း ၅ ခု ၊ စုစုပေါင်း လုပ်ငန်း ၅၅ ခု အား ငွေကျပ် ၄၉၃၇ ဒသမ ၉၂၉ သိန်း သုံးစွဲ၍ လည်းကောင်း၊ သာမန်လုပ်ငန်း ၁၀ ခု အား ငွေကျပ် ၁၉၁ ဒသမ ၆၀ဝ သိန်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၆၅ ခု အတွက် ငွေကျပ် ၅၁၂၉ ဒသမ ၅၂၉ သိန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


