မန္တလေး ၁ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မန္တလေးခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ အမျိုးသမီးကော်မတီ နာယကနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ၊ မန္တလေးခရိုင်အတွင်းရှိ အသက်(၉၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဂါရဝပြု စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ လွှတ်တော်ဥက္ကဌနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လှူဒါန်းငွေများနှင့် ကန်တော့ပစ္စည်းများအား တက်ရောက်လာသည့် အသက် (၉၅) နှစ်နှင့်အထက် သက်ကြီး အဘိုး အဘွား ၅၂ ဦးသို့ ပေးအပ်သည်။
ထို့နောက် မန္တလေးခရိုင်အတွင်းရှိ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် အသက်(၉၅)နှစ်အထက် အဘိုး အဘွား ၂၃၅ ဦးသို့ အလှူငွေများအား မြို့နယ် အုပ်ချုပ်ရေးမှူးများထံ လွဲပြောင်းပေးအပ်သည်။ အခမ်းအနားတွင် သက်ကြီးဘိုးဘွား စုစုပေါင်း ၃၀၅ ဦးအား ငွေနှင့်ပစ္စည်းများအား ကန့်တော့ခဲ့ကြောင်းသိရသည်။
မောင်ပြည်သူ(မန္တလေး)


