မြစ်ကြီးနား ၁  အောက်တိုဘာ

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(Myanmar Press Council)မှ ဦးဆောင်၍ မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ မေခခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီဦးအုန်းကြိုင်)က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် မဏ္ဍိုင်ကြီးသုံးရပ်၏ ဆောင်ရွက်ချက် များအား တည့်မတ်မှန်ကန်စေရန် သတင်းမီဒီယာများမှ ရေးသားဖော်ပြပေးနေမှုများနှင့် သတင်းမီဒီယာ အခန်း ကဏ္ဍတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ခန်လင်နှင့် ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာတို့မှ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ကချင်ပြည်နယ်လွှတ်တော်မှ တရားဥပဒေပြုရေးဆိုင်ရာကဏ္ဍများနှင့် တရားစီရင်ရေးဆိုင်ရာ ကဏ္ဍများတွင် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များအား ထုတ်ပြန်ပေးနိုင်ရေး ကချင်ပြည်နယ်အတွင်းရှိ သတင်းမီဒီယာများနှင့် ပေါင်းစပ် ဆောင်ရွက်နေမှုများ၊ ကန့်သတ်ချက်များရှိသည့် သတင်းအချက်အလက်များအား ဥပဒေ၊ နည်းဥပဒေများအတိုင်း ကန့်သတ်ထားရှိပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)မှ အတွင်းရေးမှူး ဦးကျော်စွာမင်းက မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများမှ မေးမြန်းဆွေးနွေးသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားရေးဆိုင်ရာကဏ္ဍများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ(၁) ဒေါက်တာမျိုးသန့်တင်က မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်နိုင်မှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားကာ တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ကချင်ပြည်နယ်အတွင်းရှိရုပ်/သံ၊ သတင်းစာ၊ ဂျာနယ်တိုက် အသီးသီးမှ သတင်းထောက်များ၊  ပြည်တွင်း/ပြည်ပ မီဒီယာများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)