မူဆယ် ၁    အောက်တိုဘာ

 

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အောက်တိုဘာ(၂)ရက်နေ့မှ (၇)ရက်နေ့အထိပြုလုပ်ကျင်းပမည့် (၁၉)ကြိမ်မြောက် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးပွဲတော်၌ အားကစား ပြိုင်ပွဲပေါင်း(၁၅)မျိုးပြုလုပ် ကျင်းပမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် အပျော်တမ်း တောင်တက်စက်ဘီးပြိုင်ပွဲတွင် မြန်မာနိုင်ငံဘက်မှ (၁၀၁)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မူဆယ်မြို့ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ သိရသည်။

 

အဆိုပါ နယ်စပ်ဖြတ်ကျော်အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲတွင် မြန်မာနိုင်ငံဘက်မှ ကျား(၈၆)ဦးနှင့် မ(၁၅)ဦး ဝင်ယောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်သည့် အားကစားဝါသနာရှင်များ မူဆယ်မြို့ အားကစားနှင့် ကာယပညာဦးစီးဌာနတွင် နာမည်စရင်းများပေးသွင်းပြီး ဝင်ယောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

 

 နယ်စပ်ဖြတ်ကျော် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲကို အောက်တိုဘာ(၂)ရက်နေ့၊ နံနက်(၆)နာရီတွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေလီမြို့မှ မူဆယ်မြို့၊ မူဆယ်မြို့မှတစ်ဆင့် ရွှေလီမြို့သို့ ပန်းဝင် မည်ဖြစ်သည်။  မြန်မာနိုင်ငံဘက်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစား သမားများကို အခမဲ့ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများကို ဝင်ကြေး တရုတ်ငွေ ယွမ် (၂၀ဝ) ပေးသွင်းရကြောင်းသိရသည်။

 

မူဆယ်မြို့ အားကစားနှင့် ကာယပညာဦးစီးဌာနကနေ ပြိုင်ပွဲဝင် အားကစားသမားတွေ ဆင်ပြေချောမွေ့နိုင်ရန် အတွက် အဝင်/အထွက် စာအုပ်တွေကို အဆင်သင့်ပြုလုပ်ပေးပါတယ်၊ မူဆယ်မြို့ကို ရောက်ရှိလာတဲ့ အားကစားသမားတွေအတွက် နေထိုင်ရေးတွေကိုလည်း ပြင်ဆင်ပေးတယ်လို့ မူဆယ်မြို့ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင် အားကာဦးစီးအရာရှိ ဒေါ်မျိုးပပက ပြောကြားသည်။

 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဟောင်ပါမြို့တွင် ကျင်းပမည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်၌ တစ်ခုအပါအဝင်ဖြစ်သည့် တောင်တက်အားကစားပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံဘက်မှ တောင်တက်အား ကစားသမား စုစုပေါင်း (၁၄)ယောက် ဝင်ယောက် ယှဉ်မည်ဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစား သမားများသည် မြန်မာနိုင်ငံအနှံ့မှ နိုင်ငံ့ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)