ကော့ကရိတ် ၁ အောက်တိုဘာ
အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူးဦးတင်မောင်ဝင်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်နိုင်ထွန်းမှ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှပေးပို့သော (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် ရဲလုပ်ငန်းများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ စွမ်းစွမ်းတမံ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကော့ကရိတ်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲကင်းစခန်းအား ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော ရဲကင်းစခန်းမှူးအားလည်းကောင်း၊ ရဲတပ်သားသစ်အများဆုံး စုဆောင်းရရှိနိုင်အောင် ဆောင်ရွက်ခဲ့သော စခန်းမှူးအားလည်းကောင်း၊ တရားစွဲ တင်ပို့နိုင်မှုအများဆုံး ဆောင်ရွက်ခဲ့သည့် စခန်းအားလည်းကောင်း၊ ၂၀၁၈-၂၀၁၉ပညာသင်နှစ် တကသိုလ်ဝင်တန်းစာမေးပွဲအား ဖြေဆိုအောင်မြင်ခဲ့သည့် တပ်ဖွဲ့ဝင်သားသမီးများလည်းကောင်း၊ မှုခင်းလျော့နည်း ကျဆင်းရေးအများဆုံး ဆောင်ရွက်နိုင်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ရဲတပ်ဖွဲ့အားလည်းကောင်း၊ ၂၀၁၉ခုနှစ် (၂၈) ကြိမ်မြောက် ရဲချုပ်ဒိုင်း စစ်တုရင်ပြိုင်ပွဲတွင် တစ်ယောက်ချင်းအလိုက် အကောင်းဆုံးဆု၊ အုပ်စုအလိုက် တတိယဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်အားလည်းကောင်း၊ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအားလည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်မိသားစု နေအိမ်လိုင်းခန်း သန့်ရှင်းရေးအကောင်းဆုံးဆု၊ စိုက်ပျိုးရေးအကောင်းဆုံးဆု၊ မွေးမြူရေးအကောင်းဆုံးဆုနှင့် နှစ်သိမ့်ဆုရရှိသည့် တပ်ဖွဲ့ဝင်ဇနီးများအား လည်းကောင်း တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများမှ လက်ခံရယူခဲ့သသည်။
အခမ်းအနားသို့ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မောင်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်နိုင်ထွန်းနှင့် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ကျိုက်ဒုံမြို့၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်းများရှိ တပ်ဖွဲ့ဝင်များနှင့်မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်/ဆက်)


