ပဲခူး ၁ အောက်တိုဘာ
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာ (၁)ရက်၊ နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးသည့် ဆောင်ပုဒ်သည် အသက်ကြောင့်မခွဲခြား တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည် ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်းက သက်ကြီးရွယ်အိုများရဲ့ အခန်းကဏ္ဍနှင့် အခွင့်အရေးတွေ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ရေမြေ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ မိမိကိုယ်မိမိ စောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာစောင့်ရှောက်မှုအားလုံး လုံလောက်စွာရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့အစိုးရအနေဖြင့်လည်း သက်ကြီးရွယ်အိုများ ကျန်းမာတက်ကြွပြီး ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆောင်ခွင့်ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားပြီး အဘိုးအဘွားများလက်ဆယ်ဖြာဦးထိပ်မှာမိုး ကန်တော့ကြိုးဖြင့်ရှိခိုးကန့်တော့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် အဘိုးအဘွားများအတွက် အလှူငွေ (၄၇၀၀၀၀) ကျပ်အား ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးထံပေးအပ်လှူဒါန်းပြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက အခမ်းအနား တက်ရောက်လာသည့် ပဲခူးမြို့ပေါ် (၃၁) ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာတို့မှ အသက်(၈၅) နှစ်အထက် အဘိုး(၄၈)ဦး၊ အဘွား(၆၀)ဦး စုစုပေါင်း (၁၀၈) ဦးတို့အား ဂုဏ်ပြုလှူဒါန်းငွေများနှင့် ပစ္စည်းများဖြင့် လိုက်လံပေးအပ်ကန်တော့ကြပြီး ကန်တော့ခံအဘိုးတစ်ဦးက ဆုပေးစကား ပြန်လည်ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ် အောက်တိုဘာ (၁) ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ၁၉၉၉ ခုနှစ်က စတင်ပြီးကျင်းပလာခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် (၂၁) ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပြီး နိုင်ငံတော်အစိုးရမှလည်း အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ တစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၃) လတစ်ကြိမ် လူမှုရေးပင်စင် ထောက်ပံ့ပေးကြောင်း၊ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာမှစတင်ပြီး လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုး (၈၅၀၁) ဦး၊ အဘွား(၁၅၂၁၈)ဦ း စုစုပေါင်း(၂၃၇၁၉)ဦးထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား သက်ကြီးရွယ်အိုအများစု ရင်ဆိုင်ကြုံတွေ့နေရသော ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးမပြည့်စုံမှု၊ လူမှုရေးအထီးကျန်မှုနှင့် လူမှုအခွင့်အရေးများကို လူ့အသိုက်အဝန်းတစ်ခုလုံးက သိရှိနားလည် ဖြည့်ဆည်းပေးနိုင်ရန်၊ အနာဂတ်တွင် အရေအတွက်တိုးပွားလာမည့် သက်ကြီးရွယ်အိုများ၏ အရေးကို သတိမူအလေးအနက်ထားဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပသွားနိုင်ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)