မကွေး အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယင်းတို့၏မိသားစုဝင်များ နှင့် ပြည်သူများထဲမှ ကျရာတာဝန်အသီးသီးတွင် ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့ကြသူ(၅၈)ဦးအား မကွေး မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းကကျင်းပ သည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မှုခင်းဖော်ထုတ်နိုင်မှု ၊ ရဲတပ်ဖွဲ့လုပ်ငန်းများအား ကူညီမှု ၊ ပြေး(၄)ပြေး ဖမ်းဆီးမှု ၊ အမှုစွဲတင်ရာခိုင်နှုန်း ၊ ထိရောက်ကြိုကာ ၊ ရဲတပ်သားသစ်အများဆုံးစုဆောင်းနိုင်မှု ၊ စံပြရဲဆု ၊ အားကစားဆု ၊ သွေးလှူဒါန်းမှု ၊ တက္ကသိုလ်ဝင်တန်း ထူးချွန်မှု ၊ တည်ဆောက်ပြုပြင်ရေးဆု ၊ ရေ/မီးဆု ၊ နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆု ၊ သင်တန်းထူးချွန်ဆု စသည့်ခေါင်းစဉ်(၁၄) မျိုး၌ ဂုဏ်ပြုထိုက်သူများအား ဆုများချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

 

ဆုများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ ၊ မကွေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမင်းဦး ၊ မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော် ၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ် နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ၊ ရဲမှူးကြီးခင်ဇော်၏ဇနီး ဒေါ်ရီရီမြင့် ၊ ရဲမှူးကြီးခင်မောင်လတ်၏ဇနီး ဒေါ်ညိုညိုထွေး နှင့် ဒုတိယရဲမှူးကြီး တင်မိုး ၏ ဇနီး ဒေါ်စန်းစန်းမြင့်တို့မှ ချီးမြှင့်ပေးခဲ့ကြသည်။

 

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး မှ မိန့်ခွန်းပြောကြားခြင်း ၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဝင်းဦးထံမှ သဝဏ်လွှာအား တိုင်းရဲတပ်ဖွဲ့မှူးမှ ဖတ်ကြားခြင်း ၊ ဆုများချီးမြှင့်ခြင်း ၊ ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုများ ဗီဒီယို ပြသခြင်း ၊ မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်မှ ရဲတပ်ဖွဲ့နေ့ မိန့်ခွန်း ပြောကြားခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

 

ဇေယျတု(မကွေး)