နေပြည်တော် ၁ အောက်တိုဘာ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စစ် ဆူဖတ်သရာ ဆီမိုင်းသရီဖိတပ် အား ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် ကြိုးပမ်းမှုကဏ္ဍ၌ ထိုင်းနိုင်ငံဘက်မှ ကူညီပံ့ပိုးပေးမည့်ကိစ္စ၊ မြန်မာနှင့်ထိုင်း အိမ်နီးချင်းနှစ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံဘက်တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စ၊ တိုင်းရင်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးမည့် အခြေအနေ၊ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား တိုင်းရင်းသားရေးရာကိစ္စ၌ ဆက်ဆံမှုတိုးမြှင့်နိုင်ရေး၊ မြန်မာနိုင်ငံက ဖော်ဆောင်နေသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)၌ တိုင်းရင်းသားများက ပါဝင်ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံမှုမတိုင်မီ ဧည့်သည်တော်အဖွဲ့သည် ဝန်ကြီးဌာနရှိ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


