နေပြည်တော် ၁ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခင်နှစ်များနည်းတူ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုများ၏ လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများကို  ကျေးဇူးပြုသောအားဖြင့်လည်းကောင်း၊ လက်ရှိ လူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများသည် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို (၁၉၉၉) ခုနှစ်ကစ၍ မပျက်မကွက် ကျင်းပဂုဏ်ပြုခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း။

 

ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ပိုမိုအနှစ်သာရ ပြည့်ဝစေရန်အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက “The Journey to Age Equality” “အသက်ကြောင့် မခွဲခြားတို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည်”ဟူ၍ ယခုနှစ်အတွက် ဆောင်ပုဒ်အဖြစ်သတ်မှတ် ပေးခဲ့ပါကြောင်း၊ နိုင်ငံများအကြား အသက်အရွယ်၊ ကျား/မ၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် အခြားအခြေအနေများ အပေါ်မူတည်ပြီး ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် မညီမျှမှုများကို လျှော့ချနိုင်ရန်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၀)တွင် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများကိုလည်း အသက်အရွယ်ကြောင့် ခွဲခြားခြင်းမရှိဘဲ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးကဏ္ဍတို့တွင် ချန်လှပ်ထားမှုမရှိဘဲ အတူတကွ ပါဝင်ဆောင်ရွက်ခွင့်ပေးရန် လိုအပ်ပါကြောင်း၊ ယခုဆောင်ပုဒ်၏ အနှစ်သာရများနှင့်အညီ သက်ကြီးရွယ်အို အရေးကိစ္စများ ဆောင်ရွက်သည့်နေရာတွင် အလေးထားဆောင်ရွက်သွားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၁၀)သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံရေးကို အထောက်အကူပြုနိုင်ရန်အတွက် အမျိုးသားလူမှုရေး ပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်ကတည်းက စတင်အကောင်အထည်ဖော်လာခဲ့ရာ ယခုအခါ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုဦးရေ (၁၈၀,ဝ၀ဝ)ကျော်သည် တစ်လ (၁၀,ဝ၀ဝ)ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် (၃၀,ဝ၀ဝ)ကျပ် ပုံမှန်ခံစားခွင့်ရနေကြပြီ ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း နိုင်ငံတော်၏ ရန်ပုံငွေတတ် စွမ်းနိုင်မှုအပေါ်မူတည်ပြီး အကျုံးဝင် အသက်ကိုလျော့ချပြီး ထောက်ပံ့ခြင်းနှင့် အကျိုးခံစားခွင့်ငွေကြေးကို တိုးမြှင့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်အသစ်တစ်ခုဖြစ်သည့် သက်ကြီးရွယ်အိုများအတွက် မျိုးဆက်အသီးသီး၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ ပါဝင်သည့် “Inclusive Self-Help Group” “လူမှုအားမာန်” အဖွဲ့များကို ကျေးရွာအဆင့်များတွင်ဖွဲ့စည်းပြီး သက်ကြီးရွယ်အိုများနှင့် အခြားမျိုး ဆက်များအတွက်ပါ အပြန်အလှန် ကူညီစောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်က ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း နိုင်ငံတော်မှ ရန်ပုံငွေခွဲဝေချထားပေးပြီး ဖြစ်ပါကြောင်း၊ ကနဦးတွင် အဆိုပါလူမှုအားမာန် အဖွဲ့ပေါင်း(၁၅၀)ဖြင့် စတင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက်တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့အ စည်းတစ်ခုစီကို လူမှုဝန်ထမ်းဦးစီးဌာန ရန်ပုံငွေမှ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကနဦးမတည်မှုရန်ပုံငွေ အနေဖြင့် ငွေကျပ်(၁၀)သိန်းစီ ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ သက်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ထပ်လောင်းထောက်ပံ့သွားမည်ကို ယခုအပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် သတင်းကောင်းပါးခြင်းဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် မိမိတို့သည် သက်ကြီးရွယ်အိုများကို လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူများဖြစ်၍ အခမ်းအနား ကျင်းပပေးရုံ သက်သက်မဟုတ်ပဲ သက်ကြီးရွယ်အိုများ၏ ဘဝအမှန်တကယ် လုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်တွင် ထည့်သွင်းအသုံးပြုသွားနိုင်ရေးအတွက်လည်း အခွင့်အလမ်းဖန်တီးပေးရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာကို UN Resident & Coordinator ဖြစ်သူ Mr.Andrew Krikwood က ဖတ်ကြားသည်။

 

ယင်းနောက် ကဏ္ဍအလိုက် ထူးချွန်အဘိုးအဘွားများနှင့် ဂုဏ်ပြုခံ အဘိုးအဘွားများထံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချာထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Help Age International (Myanmar)၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွား(၁၂)ဦးက Zumba အကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် လူမှုအားမာန်အဖွဲ့မှ အဖွဲ့ဝင်များက အားမာန် သရုပ်ဖော်ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်နှင့် ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ယင်းနောက် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကို ပြသပြီး ဘိုးဘွားများကိုယ်စား အဘိုး ဦးအောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဦးကြည်မင်းတို့သည် ထူးချွန်ဘိုး ဘွားများ၊ ဂုဏ်ပြုခံဘိုး ဘွားများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဦးကြည်မင်းနှင့် ဧည်သည်တော်များသည် အဆိုပါခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (ရန်ကုန်)၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့၊ Help Age International၊ လူမှုအားမာန်အဖွဲ့၊  Noble Mind Organization ၊ Save the Aged ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လှုပ်ရှားမှု ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီဝင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့်  မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ထူးချွန်ဘိုးဘွားများ၊ ဂုဏ်ပြုခံဘိုးဘွားများ၊ ဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

ယနေ့အခမ်းအနားတွင် ထူးချွန်ဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ် (၁)သိန်း၊ ဂုဏ်ပြုခံဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ် ၅၀ဝ၀ဝနှင့် ဂါရဝပြုလက်ဆောင်များ ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်