ရန်ကုန် ၁ အောက်တိုဘာ
ပြင်သစ်ဘာသာစကား စမ်းသပ်သင်ကြားခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက တယောဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၉ ခုနှစ် ဇွန်လတွင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ အထက(၂)ဗဟန်း၊ အထက(၂)ဒဂုံ၊ အထက(၁၆)မန္တလေးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းများတွင် ပြင်သစ်ဘာသာစကားကို သင်ယူလိုသော ကျောင်းသား ကျောင်းသူများအတွက် Pilot Project သင်ကြားနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၁ ရာစုတွင် နည်းပညာဖွံ့ဖြိုး တိုးတက်သည့်ခေတ်ဖြစ်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုသည်ပြင်းထန်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိရန် လူငယ်များအတွက် ခက်ခဲပါကြောင်း။
ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေး၊ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ စဉ်းစားတွေးခေါ်နိုင်စွမ်း အားကောင်းစေရန်နှင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်ရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် အလုပ်အကိုင်ကောင်းများရရှိရန် မိမိတို့၏ အရည်အသွေးများ အကောင်းဆုံးဖြစ်ရန်လိုအပ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းခွင်များတွင်လည်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ပူးပေါင်း၍ ပရော်ဖက်ရှင်နယ်ဖြစ်လာစေရန် ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းရရှိရန် အရေးကြီးပါသဖြင့် ပံ့ပိုးပေးလိုပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းတွင် ပြင်သစ်ဘာသာ စကားသင်ယူနိုင်သည့် အခွင့်အလမ်းရရှိရန် ကူညီပံ့ပိုးပေးခဲ့ကြသည့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး မစ္စတာ ခရစ္စတီ ယန်လရှရဗီနှင့် နိုင်ငံခြားဘာသာတက္ကသိုလ် ပြင်သစ်ဘာသာဌာနမှူး ဒေါ်မီမီပြုံးက အမှာစကားပြောကြားသည်။
ယင်းနောက် ပြင်သစ်စာပေနှင့် ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတစ်ဦးက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများက မေးမြန်းသည်များကို ပြန်လည်ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာနနှင့် နေအုပ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြဆရာ ဆရာမများ သင်ကြားရေးအထောက်အကူပြု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် နေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေအုပ်က အမှာစကားပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြဆရာ ဆရာမများသင်ကြား ရေးအထောက်အကူပြု သင်တန်းကို အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


