နေပြည်တော် ၁ အောက်တိုဘာ
(၅၅)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ထိုင်းဘုရင့်နိုင်ငံ တော်ဝင်ရဲအဖွဲ့ ရဲချုပ်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ညွန်ကြားရေးမှူးချုပ်များ၊ ထိုင်းဘုရင့်နိုင်ငံ တော်ဝင်ရဲအဖွဲ့ ဒုတိယရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များ၊ သံတမန်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အလံတင်အခမ်းအနားပြုလုပ်ပြီး နိုင်ငံတော်အလံအား အလေးပြုကာ ကျဆုံးခဲ့ကြသည့်ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ကြသည်။
အခမ်းအနား၌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် “ပြည်သူ့ရဲတပ်ဖွဲ့”ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ပါကြောင်း၊ ထိုနေ့ကို “ရဲတပ်ဖွဲ့နေ့”ဟု စတင်သတ်မှတ်ခဲ့ပြီး ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် လက်ရှိခေါ်ဝေါ်နေသည့် “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဟု ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် "သစ္စာ၊ သမာဓိ၊ သတ္တိ" တို့ကို ဦးထိပ်ပန်ဆင်ထားသည် ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရေးအတွက် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲလာရန် နှစ်အလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုရင် (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက်တွင် “ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေး” ဟူသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ကြုံတွေ့နေရသည့် အကြမ်းဖက်မှုများအပါအဝင် မျိုးစုံသောမှုခင်းများကို ကြည့်လျှင် မှုခင်းဖြစ်ပွားမှုများပြားခြင်း၊ လျော့နည်းခြင်းဆိုသည့် အကြောင်းတရားများသည် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် လူမှုရေးပြဿနာ၊ ပညာရေးနိမ့်ကျမှု ပြဿနာ၊ စီးပွားရေးဆိုင်ရာပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် ဆက်နွယ်နေခြင်း ဖြစ်သည့်အတွက် လက်ရှိကျင့်သုံးနေသည့် ဥပဒေများနှင့် တရားစီရင်ရေးစနစ်တို့ အပေါ်တွင်သာ မှီခိုအားထားခြင်း တစ်ခုတည်းနှင့် မလုံလောက်တော့ဘဲ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တရားစီရင်ရေးကဏ္ဍ အပါအဝင်၊ ဝန်ကြီးဌာနများ၊ မီဒီယာများ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီး အနေဖြင့်လည်း ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရေးသည် အထူးအရေးကြီးပါကြောင်း။
ထို့အပြင် ကမ္ဘာတစ်ဝန်း၌လည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာပြဿနာများ ရင်ဆိုင်နေရပြီး နိုင်ငံဖြတ်ကျော်မှုခင်းများသည် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာမဟုတ်တော့ဘဲ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရမည့် မှုခင်းပြဿနာမျိုးများ ဖြစ်လာပါကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ၏ မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ သဘောတရား (၈)ချက်နှင့်အညီ “မြန်မာနိုင်ငံ၏အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၂၀)”ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး အဆိုပါ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်များတွင် လုပ်ငန်းစီမံချက်များရေးဆွဲပြီး ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ယနေ့နိုင်ငံတကာတွင် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာ၌ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာနှင့် ပထဝီမြေအနေအထားတို့အပေါ် အခြေခံ၍ ချဉ်းကပ်မှုပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းထိန်းသိမ်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၌လည်း မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရသဖြင့် နိုင်ငံတော်အစိုးရအဆက်ဆက်သည် မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာသည် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် အခြေခံ စီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံအတွင်း အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသကဲ့သို့ တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးက ရရှိလာသည့် ငွေကြေးများကြောင့် လက်နက်ကိုင်တိုက်ခိုက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများကိုပါ ဆက်စပ်ဖြစ်ပေါ်စေခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်စာရင်းများအရ ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုတို့တွင် လျော့နည်းခဲ့သည်ကို တွေ့ရှိရသော်လည်း ခေတ်မီဓာတုပစ္စည်းများနှင့် ပေါင်းစပ်ထားသည့် စိတ်ပြောင်းဆေးဝါး အသစ်များကို လွယ်လွယ်ကူကူရရှိနိုင်မှု၏ အကျိုးဆက်ကြောင့် သုံးစွဲမှုနှင့် ဝယ်လိုအားမြင့်မားလာပြီး မူးယစ်ဆေးဝါးပြဿနာ ကြီးမားကျယ်ပြန့်လာနေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူများပေးပို့လာသည့် တိုင်ကြားစာ သတင်းအချက်အလက်များအရ ဖော်ထုတ်ဖမ်းဆီး အရေးယူလျက်ရှိရာ အတန်အသင့်ထိရောက်မှုရှိပြီး အဓိကအရင်းအမြစ်များကိုလည်း ဖော်ထုတ်ဖမ်းဆီးမှု များပြုလုပ်နိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အထူးစစ်ဆင်ရေး ၂၅ ခုကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် “မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ”အသစ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုမူဝါဒကို အကောင်အထည်ဖော်မည့် “အမျိုးသားမဟာဗျူဟာ စီမံချက်” တစ်ခုရေးဆွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဒေသအတွင်းအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ၁၉၉၇ ခုနှစ်မှ စတင်၍ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တိုက်ဖျက်လာခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၂၀)ကျော် ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါကာလအတွင်းမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ ကုလသမဂ္ဂနှင့် အာဆီယံဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေး စာချုပ်စာတမ်းများတွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးနိုင်ခြင်း၊ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဆောင်ရွက်နေသည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တတိယ (၅)နှစ်စီမံကိန်း၌ “မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေး”စသည့် ကဏ္ဍ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် အင်တာပိုလ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အင်တာပိုလ် အတွင်းရေးမှူးချုပ်ရုံးနှင့် အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မှုခင်းပိုင်းဆိုင်ရာ သတင်းအချက်အလက် ဖလှယ်မှုများအပြင် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ သင်တန်းများနှင့် မှုခင်းတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးများကိုလည်း အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အလားတူ အာဆီယံအမျိုးသားရဲအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် နှစ်စဉ်ပြုလုပ်သည့် “အာဆီယံအမျိုးသားရဲအဖွဲ့ ရဲချုပ်များညီလာခံ”ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပုံမှန်တက်ရောက်လျက်ရှိပြီး တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်းများ၊ ပင်လယ်ရေကြောင်းလိမ်လည်မှု၊ စီးပွားရေးမှုခင်း၊ ဘဏ်နှင့်အကြွေးဝယ်ကတ် လိမ်လည်မှုများ၊ ဆိုက်ဘာ/ကွန်ပျူတာမှုခင်း၊ ခရီးသွားအထောက်အထားများ အတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော် လိမ်လည်မှု စသည့် မှုခင်းကိစ္စရပ်များ၊ အာဆီယံရဲအဖွဲ့သတင်းအချက်အလက် ထိန်းသိမ်းမှုစနစ်တိုးတက်ရေး၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များမှာ နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား အမှုကြီးများစီမံခန့်ခွဲမှုနှင့် မှုခင်းစုံစမ်းစစ်ဆေးရေးသင်တန်းများ ဖလှယ်ရေး၊ အာဆီယံရဲအဖွဲ့မှုခင်းစုံစမ်းစစ်ဆေးမှု ကွန်ရက်တည်ထောင်ရေးတို့နှင့် ပတ်သက်သည့် နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အရည်အသွေးပြည့်ဝသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာရန်အတွက် ရဲတပ်ဖွဲ့ဝင်များကို ပြည်တွင်း/ ပြည်ပ အလုပ်ရုံဆွေးနွေးပွဲများ၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများစေလွှတ်လျက်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းစွမ်းရည်များ မြင့်မားလာစေရုံသာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
မျက်မှောက်ခေတ်တွင် အင်တာနက်လူမှုကွန်ရက်များ၌ ဖြစ်ပွားနေသည့် အသရေဖျက်မှု၊ ငွေကြေးလိမ်လည်မှု၊ သတင်းအချက်အလက်ခိုးယူမှု၊ ခြိမ်းခြောက်မှုများကို ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် ဖော်ထုတ်အရေးယူနိုင်သည့် “Cyber Crime Unit” ကိုလည်း ထည့်သွင်းတိုးချဲ့ ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့၊ အာဆီယံ ရဲအဖွဲ့များနှင့် ဆက်ဆံမှုနယ်ပယ် ပိုမိုကျယ်ပြန့်လာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဖွဲ့စည်းပုံကို ခေတ်ကာလနှင့်အညီ အဆင့်မြှင့်တင် တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း။
တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအပေါ် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ပြုဆုတံဆိပ်များကို နှစ်စဉ်နှစ်တိုင်း စိစစ်ချီးမြှင့်ပေးလျက်ရှိသည့်အတွက် တပ်ဖွဲ့ဝင်များ၏ စိတ်ဓါတ်မြှင့်တင်ရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့ကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူ၊ ကိုယ်အင်္ဂါစွန့်လှူသွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်နှင့် ကြိုးပမ်းမှုများအပေါ် အသိအမှတ် ပြုကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်များနှင့်အညီ ရဲတပ်ဖွဲ့ကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်မှု၊ ခေတ်မီပစ္စည်းကိရိယာများ၊ လုံခြုံရေးအသုံးအဆောင်များ စသည်တို့ကို ခေတ်ကာလနှင့်လျော်ညီအောင် နိုင်ငံတော်က တိုးမြှင့်ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် “စိတ်ဓာတ်ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန်”ဆိုသည်များကို တပ်ဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းအနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်နေကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှု ပိုမိုရရှိစေရေးအတွက် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဂတိတရားကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့က ချမှတ်ထားတဲ့ ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များကိုလည်း လိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်း တစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီ လုံခြုံအောင် အကာကွယ်ပေး စောင့်ရှောက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများကို ဥပဒေရေးရာ၊ မှုခင်းဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးခြင်းတို့ကို အလေးထားဆောင်ရွက်နေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သတင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခြင်းတို့ဖြင့် မှုခင်းများကို ပိုမိုဖော်ထုတ်တားဆီး အရေးယူနိုင်မည်ကို သတိချပ်ရမည် ဖြစ်ပါကြောင်း။
ထို့ပြင် မိမိတို့ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်မှု၊ မှုခင်းဖြစ်ပွားမှုအခြေအနေများကို ထိရောက်စွာထိန်းချုပ်နိုင်မှုနှင့် ပြည်သူတို့၏ လိုလားချက်များအပေါ် တရားဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်မှု စသည့် အခြေအနေများကို ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုထံသို့ မှန်ကန်သည့် သတင်းအချက်အလက်များ ပို့ဆောင်နိုင်ခြင်းနှင့် မှုခင်းနှင့်သက်ဆိုင်သည့် အကြောက်တရားများလျှော့ချပေးနိုင်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် မိမိတို့၏လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်းချက်ထား၍ နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုရသည့် မိမိတို့အလုပ်တာဝန်များကို တန်ဖိုးထားဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြပါဟု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက DNA ကျွမ်းကျင်ပညာရှင် ဒေါက်တာနေဝင်းနှင့် ရဲမှူးချုပ် ဝင်းခေါင်(အငြိမ်းစား)တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပြီး စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲအုပ် မောင်မောင်သူရစိုး၊ ဒုတိယရဲအုပ် တင့်နိုင်ထွန်းနှင့် ဒုတိယရဲအုပ် အောင်ကျော်မင်းတို့အား တစ်ဆင့်မြင့်ရာထူးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက စံပြ ရဲဆုရရှိသူတပ်ဖွဲ့ဝင် (၅)ဦးတို့အား ဆုတံဆိပ်များ၊ စံပြရဲစလွယ်နှင့် အဆင့်တိုးမြှင့် ပေးအပ်ချီးမြှင့်သည်။
ထို့နောက် (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နှင့် တပ်ဖွဲ့(၁၂)ဖွဲ့ ပြခန်းများတွင် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုနေသည့် ရူပဓာတုစစ်ဆေးရေးဆိုင်ရာ စက်ကိရိယာများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရေးစက်များနှင့် ယာဉ်များကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းဆက်လက်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး ရဲချုပ်၊ ဒုတိယရဲချုပ်များ၊ ရဲဦးစီးအရာရှိချုပ်နှင့် တာဝန်ရှိသူများက စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင်(၂)ဦး၊ အနုပညာရှင်များ၊ စွမ်းဆောင်မှုအတွက် ရာထူးတိုး တပ်ဖွဲ့ဝင် (၈)ဦး၊ ရုံးဝန်ထမ်းထူးချွန်ဆု (၆)ဦး၊ အမျိုးသမီးစွမ်းဆောင်ရှင်ဆု (၁)ဦးနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေးဆုရရှိကြသူ (၁၂)ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


