နေပြည်တော် ၁ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် လူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Converge - UHC) ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

ပြည်ထောင်စုဝန်ကြီးသည် Stop TB Partnership မှ Executive Director ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၂ ရက်၌ TB Innovation Summit 2019 သို့တက်ရောက်ခဲ့ပြီး ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့်အတူ တီဘီရောဂါအဖြစ်များသော နိုင်ငံများတွင် ဆန်းသစ်တီထွင်သော ဂေဟစနစ်ကိုတည်ထောင်၍ တီဘီရောဂါ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ရေး စားပွဲဝိုင်းဆွေးနွေးပွဲသို့ ဟောပြောသူအဖြစ် တက်ရောက်ဆွေးနွေးသည်။

 

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ဆန်းသစ်တီထွင်သော ဂေဟစနစ်တည်ထောင်၍ လူနာ၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းရှင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတို့အတူ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ခေတ်ပေါ် စက်ပစ္စည်းများ တီထွင်ရောင်းချရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စဉ်းစားဆောင်ရွက် ပေးစေလိုပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် မဖွံ့ဖြိုးသေးသော တိုင်းပြည်နိုင်ငံများအနေဖြင့် မြို့ပေါ်ရှိ အထူးကုဆရာဝန်ကြီးများမှ ရောဂါရှာဖွေအမည်တပ်ပေးနိုင်မည့် အသိဉာဏ်တုနည်းပညာများနှင့် ခေတ်မီဆက်သွယ်ရေး နည်းပညာသုံးဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ပိုမိုလိုအပ်ပါကြောင်း၊

မြန်မာနိုင်ငံ၌ Mobile Tablet များဖြင့် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS - 2) ကိုအသုံးပြု၍ တီဘီရောဂါဆိုင်ရာ သတင်းအချက်အလက်များပေးပို့ခြင်း၊ တီဘီရောဂါနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါကြောင်း၊ တီဘီရောဂါ ကာကွယ်နှိမ်နှင်းရာတွင် လူထု၏ ကျန်းမာရေးအသိဉာဏ် အဆင့်အတန်းမြင့်မားရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် Mobile Tablet များ အသုံးပြု၍ ပြည်သူများ၏ ကျန်းမာရေး အသိပညာဗဟုသုတများကြွယ်ဝရေးကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယူးယောက်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံပြီး အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာဆရာဝန်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနှင့် အတွေ့အကြုံများမျှဝေခြင်းတို့ကို ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံဆေးကောင်စီနှင့် ညှိနှိုင်းမည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝါရှင်တန်ဒီစီအခြေစိုက် FHI 360 အဖွဲ့မှ အမှုဆောင် အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၃ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်သည့် High Level meeting on UHC သို့တက်ရောက်သည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲသို့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်သော နိုင်ငံများမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် ကျန်းမာရေးဝန်ကြီးများက နိုင်ငံအလိုက် မိန့်ခွန်းများပြောကြားကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံကိုယ်စားပြုမိန့်ခွန်း ပြောကြားခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Business Council for International Understanding မှ ကျင်းပသည့် ရေရှည်တည်တံ့သည့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာ ရေးစောင့်ရှောက်မှု အရှိန်အဟုန်မြှင့်တင်မှု- မကူးစက်တတ်သော ရောဂါများအတွက် ကုသစောင့်မှုများကို ပိုမိုလက်လှမ်းမီရရှိရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် General Electronic ၏ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် One Sight Foundation ၏ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး Eliminating Poor Vision in a generation ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် KIRK Humanitarian အဖွဲ့၏ ဥက္ကဋ္ဌနှင့် Program Director တို့နှင့် တွေဆုံရာ KIRK Humanitarian အဖွဲ့အနေဖြင့် ဆေးဝါးများ မြန်မာနိုင်ငံသို့ ဆက်လက်၍ပေးပို့မည်ကို ကတိပြုပါကြောင်းနှင့် ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်သည့် သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုကြောင်း တင်ပြလာမှုအပေါ် လက်ခံကြောင်းတို့ကို ဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၅ ရက်တွင် Bill and Melinda Gates Foundation မှ ကြီးမှူးကျင်းပသည့် Goalkeepers 2019 program သို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ Goalkeepers အဖြစ်သတ်မှတ်ခြင်းခံရ၍ (၃)နှစ်တာကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အမျိုးမျိုးအတွက် နိုင်ငံတကာနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

သတင်းစဉ်