နေပြည်တော် ၁ အောက်တိုဘာ
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံ၏ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ ၈ ရပ် ဖွဲ့စည်းထားပါကြောင်း၊ ဥပဒေရေးရာလုပ်ငန်းကော်မတီသည် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပြည့်စုံကောင်းမွန်စေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဦးစားပေးစီမံကိန်းနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်နေပါကြောင်း၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းစဉ် ၁၁ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကလေးအလုပ်သမားနှင့် သက်ဆိုင် သည့်ဥပဒေများ၏ အားနည်းချက်၊ အားသာချက်များကို သက်ဆိုင်ရာဌာနများကလေ့လာ၍ ဥပဒေရေးရာ သုံးသပ်ချက်များ ပြုစုလျက်ရှိပါကြောင်း၊ ပေးပို့လာသည့် ဥပဒေရေးရာ သုံးသပ်တင်ပြချက်များကို စုစည်းပြီး ကလေးအလုပ်သမားနှင့် စပ်လျဉ်းသည့်တည်ဆဲဥပဒေများကို ပြင်ဆင်ရန်နှင့် အသစ်ပြဌာန်းရန်လိုအပ်ခြင်းရှိ-မရှိကိုလေ့လာသုံးသပ်၍ အမျိုးသားကော်မတီသို့ လိုအပ်ပါက တင်ပြဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသော ဌာနအဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှအဖွဲ့ဝင်ကိုယ်စားလှယ်များ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန်နှင့် မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ကော်မတီ၏လုပ်ငန်းတာဝန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


