၁ အောက်တိုဘာ
တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာအသင်း ဂိုးပြတ်နိုင်ပွဲရပြီး ဒုတိယဆုရရှိခဲ့သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ဟောင်ကောင်အသင်းနှင့် တွေ့ဆုံခဲ့ပြီး ဂိုးဒါဇင်ဝက်သွင်းယူကာ ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် တစ်ပွဲထက်တစ်ပွဲ ကစားပုံပိုကောင်းလာပြီး ဟောင်ကောင်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ဟောင်ကောင်အသင်းနှင့် ယခုနှစ်အတွင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး နှစ်ကြိမ်စလုံး အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သော်လည်း စည်သူမိုးခန့်၊ ပြည့်စုံနိုင် စသည့် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။
မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ခြောက်မိနစ်မှာပင် လမင်းထွေးက အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံပိုကောင်းလာပြီး ဟောင်ကောင်အသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည်။
၃၃ မိနစ်တွင် မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ပြည့်ဖြိုးအောင်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်မူ မြန်မာအသင်းက ပိုဖိကစားနိုင်သလို ဂိုးသွင်းခွင့်များလည်း ပိုရခဲ့သည်။ ပြည့်စုံနိုင်က ၄၉၊ ၆၃ မိနစ်တွင် နှစ်ဂိုး ထပ်မံသွင်းယူခဲ့သလို မြန်မာအသင်းအတွက် နောက်ထပ်အနိုင်ဂိုးများကို ၇၉ မိနစ်တွင် မိုးဆွေ၊ ၈၇ မိနစ်တွင် ဝေယံစိုးတို့က သွင်းယူခဲ့သည်။
ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် အိမ်ရှင် တရုတ်တိုင်ပေအသင်းက ဂျီဘရော်လ်တာအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲအပြီးတွင် တရုတ်တိုင်ပေအသင်းက သုံးပွဲစလုံးအနိုင်ရကာ ကိုးမှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး မြန်မာအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ခြောက်မှတ်ဖြင့် ဒုတိယ၊ ဂျီဘရော်လ်တာအသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး သုံးမှတ်ဖြင့် တတိယရခဲ့သည်။ ဟောင်ကောင်အသင်းမှာမူ သုံးပွဲစလုံး ရှုံးနိမ့်ကာ ဇယားအောက်ဆုံးသို့ ရောက်ရှိခဲ့သည်။
ညီမြတ်သော်တာ