လေးမျက်နှာ ၂ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူ းရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားရာ လေးမျက်နှာမြို့နယ်တွင် ကလေးစာပေပွဲတော်ကို ပထမအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကလေးငယ်များ ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိပြီး အများစု ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်ရည်ရွယ်ကြောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် အလှူရှင်များပူးပေါင်း၍ ကလေးစာပေ ပွဲတော်ကို အောင်မြင်အောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဖြူဖြူခင်တို့က ကလေးစာပေပွဲတော်နှင့် ပတ်သက်သည့် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီးတက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြား ပေးခဲ့သည်။လေးမျက်နှာမြို့နယ်တွင် ကလေးစာပေပွဲတော်ကို လေးမျက်နှာမြို့(အထက) ကျောင်း၌ နိုဝင်ဘာ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်တွင် မည်သူမဆိုပါဝင်ဆင်နွှဲနိုင်ကြောင်းသိရသည်။
ရွှေမိုး(ပြန်ဆက်)


