ရန်ကုန် ၂ အောက်တိုဘာ

ပင်လယ်ပြင်နှင့်ထိစပ်နေသော မြန်မာ့ကမ်းရိုးတမ်းနေရာ(၅)နေရာတွင် ပင်လယ်ပြင်ငါးဖမ်းစက် လှေများ၌ VMS (Vessel Monitoring System) ဟုခေါ်သောပင်လယ်ပြင် စောင့်ကြည့်လေ့လာရေးကိရိယာများ တပ်ဆင်ရန်ပြင်ဆင်လျှက်ရှိပြီး ငါးဖမ်းစက်လှေများတွင်လည်း ထိုစက်များကို အောက်တိုဘာလတွင် တပ်ဆင်ရန် ညွှန်ကြားထားပြီးဖြစ်ရာ အထိုင်စက်များကို ကမ်းရိုးတန်းနေရာ(၅)နေရာ၌ တပ်ဆင်ရန်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဧရာဝတီတိ်ုင်းဒေသကြီးတွင် ဟိုင်းကြီး၊ ဖျာပုံနှင့်ဘိုကလေးတို့တွင်ရှိသော ပင်လယ်ပြင် ငါးဖမ်းစက်လှေများ၌ VMS ကိရိယာများကို တပ်ဆင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားထားပြီးဖြစ်သည်။

“ငါးဖမ်းစက်လှေတွေ ဘယ်ငါးဖမ်းကွက်မှာ ဖမ်းနေတယ်။ ဘာဖြစ်နေတယ်ဆိုတာ VMS ကို ကြည့်တာနဲ့ သိနိုင်တာကြောင့် တပ်ဆင်ဖို့လုပ်နေပါတယ်။ ငါးဖမ်းကွက်ကိုကျော်ပြီး ဖမ်းဆီးခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးလို့ရတယ်။ ပြီးတော့ Main control centre ကို နေပြည်တော်မှ တည်ဆောက်မှာပါ။ စက်ပစ္စည်းတွေတပ်ဆင်ဖို့ တင်ဒါအောင်ပြီးပြီဖြစ်တာကြောင့် ဒီလထဲမှာ စတင်တပ်ဆင်မယ်လို့ သိရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေး က ပြောသည်။

မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသော ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး စသော ကမ်းရိုးတန်းနေရာ(၅)နေရာတွင် VMS အထိုင်စက်များကို တပ်ဆင်သွားမည်ဖြစ်ပြီး ပင်မစက်ကို နေပြည်တော်တွင်တည်ဆောက်မည်ဖြစ်သည်။

အဆိုပါ ပင်လယ်ပြင်စောင့်ကြည့်လေ့လာရေး ကိရိယာ(VMS)ကို တစ်ကမ္ဘာလုံးတွင် အသုံးပြုလျှက်ရှိပြီး မြန်မာပင်လယ်ပြင်တွင် အသုံးပြုခြင်းဖြင့် ငါးရှာဖွေမှုနှင့် ဖမ်းဆီးရာတွင် အထောက်အကူဖြစ်စေလျှက်  ပင်လယ်ပြင်တွင် ချိန်ခါမရွေး ဖြစ်ပေါ်လျှက်ရှိသော မုန်တိုင်းအန္တရာယ်ကို ကြိုတင်သိရှိနိုင်ပြီး ရှောင်ရှားနိုင်သည့်အပြင် ငါးဖမ်းစက်လှေများနှင့် ရေလုပ်သားတို့၏ အသက်အိုးအိမ်ကို ကြိုတင်ကာကွယ်နိုင်သည့်အတွက် ပင်လယ်ပြင် စောင့်ကြည့်လေ့လာရေး ကိရိယာကို ကမ်းရိုးတန်းဒေသ နေရာ(၅)နေရာတွင် တပ်ဆင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သန်းထိုက်