မန္တလေး ၂ အောက်တိုဘာ
ရတနာပုံမြို့တည် နန်းတည်မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက်နှစ်(၁၄၁)မြောက်အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝါတော်သက်တော်ကြီးသော ဆွေတော်မျိုးတော်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို သက္ကရာဇ် (၁၃၈၁)ခုနှစ် သီတင်းကျွတ်လဆန်း (၆)ရက် အောက်တိုဘာလ ၄ ရက် နံနက်(၉)နာရီတွင် အရှေ့စမုခ်ဆောင် မြနန်းစံကျော်ရွှေနန်းတော်တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကို ကုန်းဘောင်ဆက် မောင်နှမများနှင့် မိတ်သင်္ဂဟများက ကြီးမှူးကျင်းပ မည်ဖြစ်ပြီး အဆိုပါနေ့ နံနက်(၉)နာရီတွင် အရှေ့စမုခ်ဆောင် မြနန်းစံကျော်ရွှေနန်းတော်တွင် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အစီအစဉ်ပြုလုပ်မည်ဖြစ်ပြီး နံနက် ၉ နာရီခွဲတွင် ရေစက်ချ သာဓုအနု မောဒနာ တရားနာအမျှဝေခြင်း ပြုလုပ်မည်ဟု သိရှိရသည်။
နံနက် ၁၀ နာရီခွဲတွင် သံဃာတော်(၆၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကို လက်ဝဲမြေနန်းပွဲတက်ဆောင် မြနန်းစံကျော်ရွှေနန်းတော်တွင် ကျင်းပမည်ဖြစ်ပြီး ဧည့်သည်တော်များ၊ ကန်တော့ခံများအား ဧည့်ခံမည်ဟု သိရှိရသည်။
ဝါတော်ကြီး သက်တော်ကြီး ဆွေတော်မျိုးတော်များ ပူဇော်ကန်တော့ခြင်းကို မွန်းတည့်(၁၂)နာရီတွင် အရှေ့စမုခ်ဆောင် မြနန်းစံကျော် ရွှေနန်းတော်တွင် ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


