နေပြည်တော် ၂ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများအား လေ့လာရန် နေပြည်တော်သို့ ရောက်ရှိနေသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးမြဝင်းနှင့် ကြီးကြပ်သူဆရာ၊ ဆရာမများဦးဆောင်သည့် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၃) နောက်ဆုံးနှစ်လေ့လာရေး ကျောင်းသား၊ ကျောင်းသူ (၂၆၈)ဦးတို့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတကြီး၏ ဩဝါဒလမ်းညွှန်မှာကြားချက်များကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုပ်ငန်းလမ်းညွှန်ချက်များအဖြစ်ခံယူပြီး သိရှိမှတ်သားနားလည်ရုံနှင့် ရပ်တန့်မထားဘဲ အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရေးသည် အလွန်အရေးကြီးပါကြောင်း၊ အောင်မြင်သူနှင့် မအောင်မြင်သူတို့၏ အဓိကအားနည်းချက်မှာ နားလည်သိရှိပြီး ကြသော်လည်း လက်တွေ့တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် သတိမပြု၊ မေ့လျော့နေကြခြင်းပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယနေ့နိုင်ငံတော်သမ္မတ၏ ဩဝါဒ ခံယူပြီးသည့်အပြင် မောင်တို့မယ်တို့မှလည်း လိုက်နာဆောင်ရွက်ပါမည်ဟု ကတိကဝတ်များပြုခဲ့ကြပြီး ဖြစ်တဲ့အတိုင်း နိုင်ငံတော်က အားကိုးအားထားပြုရမည့် ပညာရေးဝန်ထမ်း ကောင်းများ၊ ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆောင်ရွက်ရမည့်တာဝန်ဝတ္တရား၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများကိုလည်း တိတိကျကျလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် လေ့လာရေးသွားရောက်နေသည့် ခရီးစဉ်အတွင်း ရောက်ရှိလေ့လာကြမည့်ဌာနများ၏ သမိုင်းကြောင်းနှင့် အစဉ်အလာများ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် တိုင်းပြည်တည်ဆောက်ရေး တိုးတက်ဖြစ်ထွန်းနေမှုများ၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ နေရာဒေသများ၏ ဒေသန္တရဗဟုသုတများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားစေလိုကြောင်း။
လေ့လာရေးခရီးစဉ်မှရရှိခဲ့သည့် အသိပညာဗဟုသုတများကို မိမိတို့၏လုပ်ငန်းခွင်များ၌ လက်တွေ့တာဝန်ထမ်းဆောင်သည့်အခါတွင် အတွေ့အကြုံများနှင့် သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များ ပေါင်းစပ်ချင့်ချိန်ပြီးပြန်လည်အသုံးချ သွားဖို့လိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို နားလည်သဘောပေါက်ပြီး ပြန်လည်ပေးဆပ်နိုင်ရန် နိုင်ငံတော်၏ သားကောင်းသမီးမွန်များပီသစွာဖြင့် မိမိတို့တာဝန်ပေးအပ်ရာ နေရာဒေသများရှိ တိုင်းရင်းသား လူငယ်များအား အနာဂတ်နိုင်ငံတော်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးထံ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပါမောက္ခချုပ်က လေ့လာရေးခရီးစဉ် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက လေ့လာရေးအဖွဲ့အား ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်၍ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


