ကျိုက်မရော ၂ အောက်တိုဘာ 

 

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ် တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲနှင့် ရေကြီးနစ်မြုပ်သွားသည့် စာသင်ကျောင်းများအား စာသင်ခုံများထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွှေဟင်္သာ) ခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်မှ မျိုးစပါးနှင့် စာသင်ခုံများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ရေနစ်မြုပ်ဧက (၁၁၄၂၁) အတွက် တစ်ဧကလျှင် ၁ တင်းနှုန်းဖြင့် မျိုးစပါး (၁၁၅၀ဝ) တင်းကို တောင်သူများထံ ပေးအပ်ပြီး ရေကြီးနစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၄၈) ကျောင်းအတွက် စာသင်ခုံ (၂၆၀) ခုံအား သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)